Monday, 29 February 2016

29-FEB-2016 (READING LENT3-YC-C2)

Mon the 29th: 2 Kgs 5:1-15; Ps 42:1-4; Luke 4:24-30

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၅(2 Kgs 5:1-15);

၁ ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်း နေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှိုရိပြည်သည် ထိုသူအားဖြင့် အောင်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသောစစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
၂ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွားစဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ်တယောက်သည် နေမန်၏ မယားထံ၌ ကျွန်ခံရ၏။
၃ ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသော နူနာကိုပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
၎ နေမန်သည် မိမိအရှင်ထံသို့ဝင်၍ ဣသရေလအမျိုး မိန်းမငယ်စကားကို ပြန်လျှောက်၏။
၅ ရှုရိရှင်ဘုရင်ကလည်းသွားလော့။ သွားလော့။ ဣသရေလ ရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက်ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
၆ ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏ စာကိုသွင်းလေ၏။ စာ၌ပါသောအချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့ကျွန်နေမန်၏ နူနာကိုပျောက်စေခြင်းငှာ သူ့ကိုဤစာနှင့်အတူ ငါစေလွှတ်သည်ဟု ပါသတည်း။
၇ ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ မိမိအဝတ်ကိုဆုတ်၍ ငါသည် အသက်ပေးပိုင်၊ နှုတ်ပိုင်သောဘုရား ဖြစ်သောကြောင့် ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့ စေလွှတ် သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကိုအဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။
၈ ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကိုဆုတ်သည်ဟု ဘုရားသခင်၏လူ ဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကိုဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့လာပါလေစေ။ ဣသရေလပြည်၌ ပရောဖက်ရှိသည် ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကိုမှာလိုက်လေ၏။
၉ ထိုကြောင့်၊ နေမန်သည် မြင်းရထားကိုစီးသွား၍ ဧလိရှဲအိမ်ရှေမှာ ရပ်နေ၏။
၁၀ ဧလိရှဲက၊ သင်သည် သွား၍ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ပြောစေ၏။
၁၁ နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏ နာမကိုခေါ်၍ မိမိလက်နှင် သုံးသပ်သဖြင့် နူနာကို ပျောက် စေမည်ဟု ငါထင်၏။
၁၂ ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက် သာ၍ ကောင်းသည်မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။
၁၃ ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှုကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည်မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ရောက်လော့ဟု စီရင်ရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည် တကားဟု လျှောက်ကြသော်၊
၁၄ နေမန်သည် သွား၍ ဘုရားသခင်၏လူ စီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ် နစ်သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
၁၅ သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူထံသို့ပြန်လာ၍ သူ့ရှေ၌ရပ်လျက်၊ ဣသရေလ ပြည်မှတပါး အဘယ်ပြည် ၌မျှ ဘုရားသခင်မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏ ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။


ဆာလံကျမ်း အခန်းကြီး ၄၂ (Ps 42:1-4);

၁ သမင်ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား၊၊
၂ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ ၏၊၊ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း။
၃ သူတပါးတို့က သင်၏ ဘုရားသခင် သည် အဘယ်မှာ ရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့် ငါ့မျက်ရည်သည် နေ့ညဥ့်မပြတ် ငါစားစရာ ဖြစ်ရ၏၊၊
၎ ထိုအခြင်းအရာကို ငါအောက့်မေ့၍ နေစဉ်တွင် ငါ့စိတ်နလုံးသည် ကြေကွဲလျက်ရှိ၏၊၊ အကြောင်းမူကား ငါသည်လူ စုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံသောလူစုများနှင့် အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညင်းစွာ သွားလှလေပြီ၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၄ (Luke 4:24-30)

၂၄ အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌မျက်နှာမရတတ်။
၂၅ ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက်ဧလိယလက်ထက်၌ သုံးနှစ်နှင့်ခြောက် လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတရှောက်လုံး အစာအာဟာရ အလွန်ခေါင်းပါးခြင်းရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သောမုတ်ဆိုးမ အများရှိကြ၏။
၂၆ သို့သော်လည်းထိုမုတ်ဆိုးမ တယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့စေ လွှတ်တော် မူ၏။
၂၇ ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း ဣသရေလအမျိုး၌ နူနာစွဲသော သူအများရှိကြ၏။ သို့သော်လည်းနေမန်အမည်ရှိသော ရှုရိလူမှတပါးအဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက်ဟု မိန့်တော်မူ၏။
၂၈ တရားစရပ်၌ ရှိသောလူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက်သည်နှင့်၊
၂၉ ထ၍ ကိုယ်တော်ကိုပြင်သို့ထုတ်နှင်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောက်ထိုးတွန်းချခြင်းငှါ ဆောင်သွားကြ၏။
၃၀ ကိုယ်တော်သည် သူတို့အလယ်၌ ရှောက်၍ ကြွသွားတော်မူ၏။