Tue the 9th: 1 Kgs 8:22-30; Ps 84:3-11; Mark 7:1-13
ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၈ (1 Kgs 8:22-30);
၂၂ တဖန်ရှောလမုန်သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ၍၊လက်ဝါးတို့ကိုကောင်းကင်သို့ဖြန့်လျက်၊
၂၃ အိုဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၊ အထက် ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီးပေါ်မှာကိုယ်တော်နှင့်တူသော ဘုရားတဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ကျင့်သောကိုယ်တော်၏ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ဂရုဏာတရား ကိုစောင့် ရှောက်တော်မူပြီ။
၂၄ အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ဂတိတော်ကိုမဖျက်၊ မိန့်တော်မူသည် အတိုင်း ယနေ့ပြုတော်မူပြီ။
၂၅ အိုဣသရေလမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏ သားမြေးတို့သည် ငါ့ရှေ့မှာကျင့်လိုသောငှါ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလ နိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုးမင်းရိုး မပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်၌ထားတော်မူသော ဂတိတော်ကိုယခုစောင့်တော်မူပါ။
၂၆ အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ် အဘဒါဝိဒ်အား မိန့်တော်မူသောစကားတော်ကိုယခုပြည့်စုံစေတော်မူပါ။
၂၇ သို့ရာတွင် ဘုရားသခင်သည်မြေ ကြီးပေါ်မှာ ဧကန်အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋိအမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကိုအဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။
၂၈ သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည်ရှေ့တော်၌ ယနေ့ကြွေး ကြော်လျက်ပဌနာပြု၍ တောင်းလျှောက်သောစကား ကိုနားခံနာယူတော်မူပါ။
၂၉ ဤမည်သော အရပ်၌ ငါ့နာမတည်ရ မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့်ဤအိမ်တော်ကို နေ့ညဥ့်မပြတ် ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကိုနားထောင်တော်မူပါ။
၃၀ ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည်ဤအရပ်ဌာန၌ ဆုတောင်းပဌနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
ဆာလံကျမ်း အခန်းကြီး ၈၄ (Ps 84:3-11);
၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ်ယစ် ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။
၎ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
၅ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
၆ သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
၇ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင်ထံတော်၌ မျက်နှာပြကြပါ၏။
၈ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွနုပ်၏ ပဌာနာစကားကို မှတ်တော် မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။
၉ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသော်သူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။
၁၀ တန်တိုင်းတော်တို့အတွင်း၌ နေသော တရက်သည် အခြားအရပ်၌နေသော အရက်တထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသောသူ၏ နေရာ၌နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
၁၁ ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Mark 7:1-13)
၁ ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စုဝေး၍၊
၂ တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ၏။
၃ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသောနည်းဥပဒေသကို ခံယူသောဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကိုစားလေ့မရှိ။
၎ ဈေးမှပြန်လာသော အခါ၌လည်း ဆေးခြင်း မပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ကျင့်လေ့ရှိ၏။
၅ ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့်ညစ်ညူးသော လက်နှင့်အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
၆ ဟေရှယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
၇ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍နည်းဥပဒေသပေးလျက်ပင်၊ ငါ့ကိုအချည်းအနှီး ကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။
၈ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသော နည်းဥပဒေသကို ကိုခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။
၉ သင်တို့သည် အဆက်ဆက်ခံ သောနည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။
၁၀ မောရှေ၏ ပညတ်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကိုခံစေဟု လာသတည်း။
၁၁ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို သင်တို့ အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏၊
၁၂ ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊
၁၃ မိမိတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။