Sunday, 17 July 2016

17-JULY-2016 (READING ORD16 -YC-C2)

Sun the 17th: Psalter IV, Ordinary Time Week 16.
Gen 18:1-10; Ps 15:1-5; Col 1:24-28; Luke 8:15; Luke 10:38-42

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၈( Gen 18:1-10);

၁ ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည်အကြောင်းအရာ ဟူမူကား၊ နေပူသောအချိန်တွင်၊ အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
၂ မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွတ်ချလျက်၊
၃ အကျွန်ုပ်သခင်၊ ရှေတော်၌ အကျွန်ုပ်သည် မျက်နှာရလျှင်၊  ကိုယ်တော်ကျွန်မှလွန်၍ မသွားပါနှင့်။
၎ ရေအနည်းငယ် ကိုယူခဲ့ပါရစေ။ ခြေကို ဆေးပြီးလျှင် သစ်ပင်အောက်၌လျောင်းနေကြပါလော့။
၅ မုန့်အနည်း ငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါသွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။
၆ အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍ နယ်ပါ။ ပေါင်မုန့်ကိုလုပ်ပါ ဟုဆိုလေ၏။
၇ တဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သော နွားသငယ်ကို ယူခဲ့၍၊ လုလင်၌ အပ်သဖြင့် မြန်မြန် ပြင်ဆင်စေ၏။
၈ ထိုနောက်၊ နို့နှင့် နို့ဓမ်းကို၎င်း၊ ပြင်ဆင်သောနွားသငယ်ကို၎င်း ယူ၍၊ ထိုသူတို့ရှေ့၌ ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာ ရပ်နေ၍၊ သူတို့သည် စားကြ၏။
၉ ပြီးသောအခါ၊ သင်၏မယား စာရာသည် အဘယ်မှာ ရှိသနည်းဟု မေးကြလျှင်၊ တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏။
၁၀ ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန် စေ့သောအခါ၊ ငါသည် သင်တို့ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယား စာရာသည် သားကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ ဆိုသောသူ၏ နောက်၌ တံခါးဝအနားမှာ၊ စာရာရှိသောကြောင့် ထိုစကားကို ကြား၏။

ဆာလံကျမ်း အခန်းကြီး ၁၅ (Ps 15:1-5);

၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
၂ ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော
၃ သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော
၎ ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊
၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊

ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:24-28);

၂၄ ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓွာ၌ ပြည့်စုံစေ၏။
၂၅-၂၆ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်း သူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊ သင်တို့အကျိုးကိုထောက်၍၊ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော် နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ၏အဖြစ်သို့ ရောက်ရပြီ။ ၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲ သောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင်အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်း ဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၂၈ ခရစ်တော်အားဖြင့် လူတိုင်း စုံလင်ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၈ (Luke 8:15);

၁၅ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင် ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူကို ဆိုလိုသတည်း။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:38-42)

၃၈ ယေရှုသည် တပည့်တော်တို့နှင့်ခရီးသွားကြစဉ် ရွာတရွာသို့ဝင်တော်မူ၍၊ မာသအမည်ရှိသော မိန်းမတဦးသည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။
၃၉ ထိုမိန်းမ၌ မာရိအမည်ရှိသောညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍စကားတော်ကိုနားထောင်လျက်နေ၏။
၄၀ မာသမူကား လုပ်ကြွေးခြင်း အမှုများ၌စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မကိုပစ်ထားသည်အရာကို လျစ်လျူသောစိတ်ရှိတော်မူ သလော။ သူသည်ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊
၄၁ ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ လိုသောအရာတခုတည်းရှိ၏။
၄၂ မာရိမူကား၊ ကောင်းသောအဘို့ကိုရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ နှုတ်မယူရာဟုမိန့်တော်မူ၏။