Monday, 18 July 2016

18-JULY-2016 (READING ORD16 -YC-C2)

Mon the 18th: Mic 6:1-8; Ps 50:5-23; Ps 95:8; Matt 12:38-42

မိက္ခာအနာဂတ္တိကျမ်း အခန်းကြီး ၆( Mic 6:1-8);

၁ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
၂ အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရဘုရား၏ တရား တွေ့မှုကို နားထောင်ကြလော့။ ထာဝရဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေလအမျိုးနှင့် ဆွေးနွှေးငြင်းခုန်တော်မမူ။
၃ အိုငါ၏လူမျိုး၊ သင့်ကိုအဘယ်သို့ ငါပြုဘူးသနည်း။ အဘယ်သို့ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။
၎ သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
၅ အိုငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံကိုင်း၊ ဗောရသားဗာလမ်ပြန်ပြောသော စကားကိုင်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျင်၊ ထာဝရဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
၆ ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
၇ ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ်တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကိုင်း၊ ငါ့စိတ်ဝိညာဉ်၏အပြစ် အတွက် ငါ၏ရင်သွေးကိုင်း ပူဇော်ရမည်လော၊
၈ အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း။

ဆာလံကျမ်း အခန်းကြီး ၅၀ (Ps 50:5-23);

၅ ယဇ်ပူဇော်သောအားဖြင့်  ငါ့နှင့် ပဋ္ဋိညာဉ်ဖွဲ့ သော ငါ၏ သန့်ရှင်းသောသူတို့ကို ငါ့ထံသို့ စုဝေးစေကြဟု မိန့်တော်မူ၏၊၊
၆ ဘုရားသခင်သည် ကိုယ်တော်တိုင် ဆုံးဖြတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာပြကြ လိမ့်မည်၊၊
၇ ငါ၏လူများတို့နားထောင်ကြ၊၊ ငါပြောမည်၊၊ အိုဣသရေလအမျိုး သင့်တဘက်၌ ငါသက်သေ ခံမည်၊၊ ငါသည်ဘုရားသခင်ဖြစ်၏၊၊ သင်၏ဘုရားသခင်ဖြစ်၏၊၊
၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်၊၊ ထိုယဇ်တို့သည် ငါ့ရှေ့မှာအစဉ်ရှိကြ၏၊၊
၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ၊၊
၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာ ရှိသောတိရစ္ဆာန်တို့သည် ငါ၏ဥစ္စာဖြစ်ကြ၏၊၊
၁၁ တောင်ပေါ်မှာနေတတ်သော ငှက်အပေါင်းတို့ ကို ငါသိ၏၊၊
၁၂ တောသားရဲတို့သည် ငါ၌ရှိကြ၏။ ငါသည်ငတ်မွတ်လျင် သင့်ကိုမပြော၊၊ လောကဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏၊၊
၁၃ နွားသားကို ငါစားမည်လော၊၊ ဆိတ်သွေးကို ငါသောက်မည်လော၊၊
၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အားပူဇော်လော့၊၊ သစ္စာကတိ ထားသည်အတိုင်း အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့၊၊
၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာ ပြုလော့၊၊ ငါသည်ကယ်လွှတ်မည်၊၊ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူသည်၊၊
၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊
၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊
၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊
၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊
၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊
၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၂ (Matt 12:38-42)

၃၈ ထိုအခါ အချို့သောကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော် မူသောနိမိတ်လက္ခဏာတစုံတခုကိုမြင်ချင်ပါသည်ဟု လျှောက်ကြလျှင်၊
၃၉ ကိုယ်တော်က၊ ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။
၄၀ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည်  မြေကြီးထဲမှာ သုံးရက်နေရလတံ့။
၄၁ တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ ထ၍အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောနဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။
၄၂ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည်၊ ဤလူမျိုးတဘက်၌ ထ၍အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကိုနားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။