Saturday, 30 July 2016

30-JULY-2016 (READING ORD17 -YC-C2)

Sat the 30th:    Optional memorial of Peter Chrysologus, bishop and doctor.
Jer 26:11-24; Ps 69:15-34; Matt 5:10; Matt 14:1-12

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၂၆ ( Jer 26:11-24);

၁၁ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူသည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကိုဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ် အစရှိသောလူများ အပေါင်းတို့အား ပြောဆိုကြ၏။
၁၂ ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။
၁၃ ယခုမှာ သင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရဘုရားသည် ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူလိမ့်မည်။
၁၄ ငါမူကား၊ သင်တို့လက်၌ ရှိပါ၏။ သင်တို့စိတ်၌ ဖြောင်မတ်လျောက်ပတ်သည် ဟု ထင်သည်အတိုင်း၊ ငါ့ကိုယ်ပြုကြလော့။
၁၅ သို့ရာတွင်၊ ငါ့ကိုသတ်လျှင် အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန်သိမှတ်ကြလော့။ ဤစကားအလုံးတို့ကို သင်တို့အားကြား ပြောမည်အကြောင်း၊ ထာဝရဘုရားသည် ငါ့ကိုစင်စစ်စေလွှတ်တော်မူပြီဟု  မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။
၁၆ ထိုအခါ မှူးမတ်အစရှိသော လူများအပေါင်းတို့က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့်  ပရောဖက်တို့အား ပြောဆိုကြ၏။
၁၇ ပြည်သားအသက်ကြီးသူ အချို့ကလည်း၊
၁၈ ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မောရရှရွာသွား မိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကိုခံရ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
၁၉ ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့် တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကိုသတ်သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေ မည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူသည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်စီးခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူအပေါင်းတို့အား ပြောဆိုကြ၏။
၂၀ ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ထိုမြို့နှင့် ထိုပြည်တဘက်၌ ပရောဖက်ပြု၍၊ ယေရမိဟောပြောသော စကားနှင့် တညီတည်းဟောပြော၏။
၂၁ ယောယကိမ်မင်းကြီးနှင့် မင်းများ၊ မှူးမတ်များအပေါင်းတို့သည် ထိုပရောဖက်၏ စကားကို ကြားသောအခါ၊ သူ့ကိုသတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ၏။ ထိုသိတင်းကို ကြားလျှင်၊ ဥရိယသည် ကြောက်၍၊ အဲဂုတ္တုပြည်သို့ ပြေးသွားလေ၏။
၂၂ ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့် တကွ လူအချို့တို့ကို အဲဂုတ္တုပြည် သို့ စေလွှတ်၍၊
၂၃ ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ထားနှင့်သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏ သင်္ချိုင်း၌ ပစ်ထားလေ၏။
၂၄ သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ၊ လူများတို့လက်သို့မအပ်ရ။

ဆာလံကျမ်း အခန်းကြီး ၆၉ (Ps 69:15-34);

၁၅ ရေထ၍ မလွှမ်းပါစေနှင့်၊၊ နက်နဲရာ၌ မမြ‡ုပ်ပါစေနှင့်၊၊ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်၊၊
၁၆ အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် အကျွန်ုပ် စကားကို နားထောင်တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်ကို မျက်နှာပြ တော်မူပါ။
၁၇ ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်၊၊ ဘေးရောက်ပါပြီ၊၊ အလျှင်အမြန် နားထောင်တော် မူပါ၊၊
၁၈ အကျွန်ုပ်၏ အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ၊၊ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေး တော်မူပါ။
၁၉ အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့ သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏၊၊
၂၀ ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက် ၍ အလွန်  ပူဆွေးခြင်း ရှိပါ၏၊၊ သနားသော သူကို ကြည့်၍ မမြင်၊၊ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
၂၁ အကျွန်ုပ်စားစရာဘို့ ဆေးခါးကိုကျွေးကြပါ၏၊၊ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏၊၊
၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက် သော်၎င်း ဖြစ်ပါစေ၊၊
၂၃ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ၊၊ သူတို့ ခါးသည်လည်း အစဉ်တုန်ပါစေ၊၊
၂၄ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော် မူ၍ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ၊၊
၂၅ သူတို့နေရာအရပ်သည် လူဆိတ်ညံရာ အရပ်ဖြစ်ပါစေ၊၊ သူတို့အိမ်၌ နေသောသူမရှိပါစေနှင့်၊၊
၂၆ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏၊၊ နာစေတော်မူသော သူတို့ကို ထပ်၍ နာစေကြပါ၏၊၊
၂၇ သူတို့အပြစ်၌ အပြစ်ကို ထပ်၍ပေးတော်မူပါ။ ကုသိုလ်တော်နှင့်မဆိုင်ကြပါ စေနှင့်။
၂၈ အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမှတ်ပါ စေနှင့်၊၊
၂၉ အကျွန်ုပ်မူကား ဆင်းရဲငြိုငြင်ပါ၏၊၊ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြင့်ပါစေသော။
၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်၊၊ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်၊၊
၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလား ကို နှစ်သက်သည်ထက် ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်၊၊
၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်၊၊ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်၊၊
၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊
၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊



ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:10);

၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၄(Matt 14:1-12);

၁ ထိုအခါစော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊
၂ ဤသူကား ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်။ သေခြင်းမှထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကိုပြနိုင်သည်ဟု မိမိငယ်သားတို့အားဆို၏။
၃ အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။
၎ အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
၅ ယောဟန်ကိုသတ်ခြင်းငှါ အလိုရှိသော်လည်း လူအပေါင်းတို့၏မျက်နှာကိုထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြသတည်း။
၆ ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊
၇ ငါသည်သင်တောင်းသမျှကိုပေးမည်ဟုကျိန်ဆို လေ၏။
၈ ထိုမိန်းမငယ်သည် သူ၏အမိတိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာ ယောဟန်၏ ဦးခေါင်းကိုဤလင်ပန်း၌ပေးတော်မူပါဟု တောင်းလျှောက်၏။
၉ မင်းကြီးသည်ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း ထောက်သောကြောင့် ပေးစေဟုအမိန့်တော်ရှိ လျက်၊
၁၀ လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာ ဖြတ်စေ၏။
၁၁ ဦးခေါင်းကိုလင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်းမိမိအမိထံသို့ယူသွား၏။
၁၂ ယောဟန်၏တပည့်တို့သည်လည်း လာ၍အလောင်းကိုဆောင်သွားသဖြင့်သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့သွား၍ ကြားလျှောက်ကြ၏။