2 Sam 12:1-17; Ps 51:12-17; John 3:16; Mark 4:35-41
ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၁၂(2 Sam 12:1-17);
၁ နောက်တဖန် ထာဝရဘုရားသည် ပရောဖက်နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့်၊ နာသန်သည် ဝင်၍၊ အရှင်မင်းကြီး၊ ဤမည်သောမြို့တွင်သူဌေးတဦး၊ ဆင်းရဲသားတဦးရှိပါ၏။
၂ သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့်ကြွယ်ဝပြည့်စုံပါ၏။
၃ ဆင်းရဲသားမူကား၊ မိမိဝယ်၍မွေးစားသော သိုးမကလေးတကောင် တည်းမှတပါး အခြားသောဥစ္စာမရှိပါ။ ထိုသိုးမကလေးသည် အရှင်နှင့်င်း၊ အရှင်၏သားသမီးတို့နှင့်င်း ပေါင်း၍ကြီးပွါး၏။ အရှင်၏ အစာကိုစားတတ်၏။ အရှင်၏ရေခွက်၌ သောက်တတ်၏။ အရှင်၏ ရင်ခွင်၌ အိပ်၍ သမီးကဲ့သို့ဖြစ်၏။
၎ သူဌေးအိမ်သို့ ဧည့်သည်တဦး ရောက်၍ သူဌေးသည်ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြောသောကြောင့်မယူ၊ ဆင်းရဲသား၏ သိုးမကလေးကိုယူ၍ ဧည့်သည်ကိုလုပ်ကျွေးဘို့ ချက်ပါသည်ဟုလျှောက်လေသော်၊
၅ ဒါဝိဒ်သည် ထိုသူဌေးကို ပြင်းစွာအမျက်ထွက်၍၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်းထိုသို့ပြုသော သူသည်အမှန် သေရမည်။
၆ ဂရုဏာစိတ်မရှိဘဲ ထိုအမှုကိုပြုသောကြောင့်၊ ထိုသိုးမကလေးအတွက်လေးဆပြန်ပေးရ မည်ဟုမိန့်တော်မူ၏။
၇ နာသန်ကလည်း၊ ထိုသူသည်ကားအခြားသူမဟုတ်။ ကိုယ်တော်ပင်ဖြစ်၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ဘိသိက်ပေး၍သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ခန့်ထားပြီ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ။
၈ သင့်သခင်၏ အဆွေအမျိုး ကိုင်း၊ သင့်သခင်၏မယားတို့ကိုင်း၊ သင်၏ရင်ခွင်၌ငါအပ်ပေးပြီ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ။ထိုအရာများမလောက်လျှင် အခြားတစ်ပါး သော အရာရာတို့ကို ပေးခြင်းငှာ ငါအလိုရှိ၏။
၉ သင်သည် ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏ အသက်ကိုထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့် သတ်လေပြီတကား။
၁၀ ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင် ပြု၍ ဟိတ္တိလူ၊ ဥရိယ၏ မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့် အစဉ်တွေ့ကြုံရကြ လိမ့်မည်။
၁၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏ အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌ အပ်သဖြင့်၊ သူသည်နေရှေ့မှာ သင်၏ မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။
၁၂ သင်သည်ဤအမှုကို မထင်မရှားပြု သော်လည်း၊ နေရှေ့မှာငါလှန်ပြမည်ဟု ထာဝရ ဘုရားမိန့်တော်မူသော စကားကို ပြန်ကြားလေ၏။
၁၃ ဒါဝိဒ်ကလည်း ငါသည်ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍နာသန်က၊ အသက်တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရားသည် ကိုယ်တော်အပြစ်ကိုပယ်တော်မူပြီ။
၁၄ သို့သော်လည်း ကိုယ်တော်သည် ထိုသိုပြစ်မှားသောအားဖြင့်၊ ကဲ့ရဲ့စရာ အခွင့်ကြီးကိုထာဝရဘုရား၏ ရန်သူ တို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက်ဆိုပြီးလျှင်၊
၁၅ နန်းတော်မှထွက်သွားသောနောက်၊ ထာဝရဘုရားသည်ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းထန်သောဝေဒနာကိုခံရ၏။
၁၆ ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကို ရှောင်လျက်၊ အထဲသို့ဝင်၍ တညဥ့်လုံး မြေပေါ်မှာ အိပ်လျက်နေ၏။
၁၇ နန်းတော်သား အသက်ကြီးသူတို့ သည်ထ၍ ကိုယ်တော်ကိုချီကြွအံ့ သောငှါချဉ်းကပ်ကြ သော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူအစာ မစားဘဲနေ၏။
ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:12-17);
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊
၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:16);
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၄ (Mark 4:35-41);
၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
၃၆ တပည့်တော် တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။
၃၇ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့်ပြည့်လေ၏။
၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်ဆီးခြင်းသို့ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူသလောဟု လျောက်ကြသော်၊
၃၉ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့်ကင်းသနည်း ဟု မေးတော်မူလျှင်၊
၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။