Saturday, 20 January 2018

20-JAN-2018 (READING -7ORD-YB-C2)

Sat the 20th:    Optional memorial of Fabian, pope and martyr.
   Optional memorial of Sebastian, martyr.
2 Sam 1:1-27; Ps 80:1-7; Acts 16:14; Mark 3:20-21

ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး (2 Sam 1:1-27);

ရှောလုသေသောနောက်၊ ဒါဝိဒ်သည် အာမလက်လူတို့ကိုလုပ်ကြံရာမှပြန်လာ၍၊ ဇိကလတ်မြို့၌ နှစ်ရက်နေပြီးလျှင်၊
သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာပြပ်ဝပ်လျက် ရှိခိုး၏။
ဒါဝိဒ်ကလည်း၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင်၊ ထိုသူကကျွန်တော်သည် ဣသရေလ တပ်က ပြေး၍လာပါသည်ဟု လျှောက်လေ၏။
ဒါဝိဒ်ကလည်း၊ အမှုကားအဘယ်သို့နည်း။ ငါ့အား ပြောပြပါလောဟု မေးလျှင်၊ သူက၊ ဣသရေလလူ တို့သည် စစ်တိုက်ရာတွင် ပြေး၍အများတို့သည် လဲလျက်သေပါပြီ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ၏။
ထိုသိတင်းကို ကြားပြောသော လုလင်အား ဒါဝိဒ်ကရှောလုနှင့် သားတော် ယောနသန်သေကြောင်းကို သင်သည် အဘယ်သို့သိသနည်းဟု မေးပြန်လျှင်၊
ထိုလုလင်က ကျွန်တော်သည် ဂိလဗော တောင်ပေါ်သို့ အလိုလိုရောက်သောအခါ၊ ရှောလုသည် လှံတော်ကိုထောင်၍ နေပါ၏။ ရထားစီးသူရဲ မြင်းစီးသူရဲ တို့သည် ပြင်းထန်စွာလိုက်ကြ၏။
ရှောလုသည်နောက်တော်သို့ကြည့်သဖြင့်၊ ကျွန်တော်တို့မြင်၍ ခေါ်ပါ၏။
ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ၊ သင်သည်အဘယ်သူနည်းမေးလျှင်၊ ကျွန်တော်သည် အာမလက်လူ ဖြစ်ပါသည်ဟု ပြန်လျှောက်ပါ၏။
ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါကိုသတ်ပါတော့။ ငါ့အသက်မသေနိုင် သောကြောင့် ပြင်းစွာသောဝေဒနာကို ခံရ၏ဟု ဆိုသည်အတိုင်း၊
၁၀ လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား၍ သတ်ပါ၏။ ခေါင်းတော်၌ ဆောင်းသောဦးရစ်နှင့် လက်ရုံးတော်၌ ဝတ်သော လက်ကောက်ကို ချွတ်ယူပြီးလျှင်၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ၏။
၁၁ ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကို ဆွဲဆုတ်၍၊ သူ့၏လူအပေါင်းတို့သည် ထိုနည်းတူ ပြုကြ၏။
၁၂ ရှောလုမှစ၍ သားတော် ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့်လဲသေသောကြောင့်၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်းတမ်း၍ အစာကိုရှောင်ကြ၏။
၁၃ ထိုသိတင်းကိုကြားပြောသော လုလင်အား၊ ဒါဝိဒ်က၊ သင်သည်အဘယ်အရပ်လာသနည်းဟု မေးလျှင်၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူဖြစ် ပါ၏ဟု ပြန်လျှောက်သော်၊
၁၄ ဒါဝိဒ်က၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ၊ သင့်လက်ကို အဘယ်သို့ဆန်ဝံ့သနည်းဟု ဆိုလျက်၊
၁၅ လုလင်တယောက်ကိုခေါ်၍ သူ့ကိုသွားသတ်တော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် လုပ်ကြံ၍သတ်လေ၏။
၁၆ ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်တဘက်၌ သက်သေခံလေပြီဟု ဆို၏။
၁၇ ဒါဝိဒ်သည် ရှောလုနှင့် သားတော်ယောနသန်ကြောင့် ငိုကြွေးမြည်းတမ်း၍၊
၁၈ ယုဒအမျိုးသားတို့ အား၊ သင်ဆယ်သော လေးသီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကားဟူမူကား၊
၁၉ အိုဣသရေလ ဂုဏ်အသရေ၊ သင်၏မြင့်သောအရပ်တို့၌ သင်သည်အသေခံလေပြီ။ သူရဲတို့သည် လဲသေကြပြီတကား။
၂၀ ထိုသိတင်း ကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြော ကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့သည် ဝမ်းမြောက် အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွင်လန်းကြလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
၂၁ အို ဂိလဗောတောင် တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသော ရှောလုဆောင်သော ဒိုင်းလွှာ၊ ဆီနှင့် လိမ်းပြီး သောလက်နက်တော်ကို ရှုတ်ချလေပြီတကား။
၂၂ သူရဲတို့၏ အသွေး၊ ခွန်အားကြီးသောသူတို့၏ ဆီဥမှ ယောနသန်၏ လေးသည်နောက်သို့မလှန်။ ရှောလု၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
၂၃ ရှောလုနှင့် ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက်၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာဘဲလျက်နေကြ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက် ခွန်းအားကြီးကြ၏။
၂၄ အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကို ငိုကြွေးကြလော့။ သင်တို့ကို လှသောကမ္ဗလာ နီနှင့် ဝတ်စေ၍၊ သင်တို့အဝတ်၌လည်း ရွှေတန်ဆာနှင့် ဆင်စေတော်မူ၏။
၂၅ စစ်တိုက်ပွဲ၌ သူရဲတို့သည် လဲသေကြပြီ။ အိုယောနသန်၊ သင်၏မြင့်သောအရပ်တို့၌ သင်သည် အသေခံလေပြီတကား။
၂၆ ငါ့ညီ ယောနသန်၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ၏။ သင်သည်ငါ့မိတ်ဆွေကြီးဖြစ်၍၊ ငါ့ကိုချစ်သောမေတ္တာသည် အံ့သြဘွယ်သောမေတ္တာ၊ မိန်းမကိုချစ်တတ်သော မေတ္တာထက်သာ၍၊ အားကြီးသောမေတ္တာဖြစ်၏။
၂၇ သူရဲတို့သည် လဲသေကြပြီတကား။ စစ်တိုက်လက်နက်တို့သည် ဆုံးကြပြီတကားဟု ပါသတည်း။

ဆာလံကျမ်း အခန်းကြီး ၈၀ (Ps 80:1-7);

သိုးစုကိုပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မှုသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ၊
အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ ပြုသော ပဌာနစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။
သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာတိုက်တော်မူ၏။
အနီးအပါး၌နေသော သူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။
ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။

တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);

၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 3:20-21);

၂၀ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကိုမစားနိုင်သည်တိုင်အောင် လူများတို့သည်တဖန် စုဝေး ကြပြန်၏။
၂၁ ကိုယ်တော်၏ အဆွေအမျိုးတို့သည် ကြားလျှင်၊ သူသည် အရူးဖြစ်သည်ဟု ဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။