Sun the 4th: Psalter III, Ordinary Time Week 31.
(Memorial of Charles Borromeo, bishop.)
Deut 6:1-6; Ps 18:1-51; Heb 7:23-28; Mark 12:28-34
ဗျာဒိတ်ကျမ်း အခန်းကြီး ၇(Rev 7:1-14);
၁ ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌လေမလာ စေခြင်းငှါ၊ ကောင်းကင်တမန်လေးပါး တို့သည် မြေ၏လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။
၂ အသက်ရှင် တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသောကောင်းကင်တမန် တပါးသည် အရှေ့မျက်နှာက တတ်လာသည်ကိုငါမြင်၏။ သူသည်လည်းမြေနှင့်ပင်လယ်ကို ညှဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန် လေးပါးကိုအသံလွှင့်၍၊
၃ ငါတို့ဘုရားသခင်၏ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မည်တိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဉ်းဆဲပါနှင့် ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။
၎ တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေတွက်ကိုငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွှယ်ထဲက လူတသိန်း လေးသောင်းလေး ထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။
၅ ယုဒအမျိုးထဲက တသောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲကတသောင်း နှစ်ထောင်၊ ဂဒ်အမျိုးထဲက တသောင်း နှစ်ထောင်။
၆ အာရှာအမျိုးထဲက တသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင်၊ မနာရှည်အမျိုးထဲက တသောင်းနှစ်ထောင်၊
၇ ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင်၊ လေဝိအမျိုးထဲကတသောင်းနှစ်ထောင်၊ ဣသခါ အမျိုးထဲက တသောင်းနှစ်ထောင်၊
၈ ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်း နှစ်ထောင်၊ ဗင်္ယာမိန်အမျိုးထဲက တသောင်းနှစ် ထောင် တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။
၉ ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကို ပြောသောလူမျိုးအနွှယ် ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သောလူများအပေါင်းတို့သည်ဖြူသော ဝတ်လုံကိုဝတ်ဆင်လျက်၊ စွန်ပလွံ ခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။
၁၀ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေ သတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။
၁၁ ပလ္လင်တော်မှစသောအသက်ကြီးသူတို့နှင့် သတ္တဝါ လေးပါး၏ ပတ်ဝန်ကျင်၌ ရပ်နေသောကောင်းကင်တမန် အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာပြပ်ဝပ်၍ ဘုရားသခင်ကိုကိုးကွယ်လျက်၊
၁၂ အာမင်။ ငါတို့၏ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော် မူစေသတည်း။ အာမင်ဟု ပြောဆိုကြ၏။
၁၃ အသက်ကြီးသူတပါးကလည်း၊ ဖြူသောဝတ်လုံကိုဝတ်ဆင်သော ဤသူတို့သည်အဘယ်သူနည်း။ အဘယ်အရပ်ကလာကြသနည်း ဟုငါ့အားမေးမြန်လျှင်၊
၁၄ ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေးလျှော်၍ ဖြူစေသော သူဖြစ်ကြသတည်း။
ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);
၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 John 3:1-3);
၁ ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင် ကို မသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။
၂ ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည်ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့။
၃ ထိုသို့မြော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ် ကိုကိုယ်သန့်ရှင်းစေတတ်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:1-12);
၁ ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော် တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏။
၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမသြဝါဒပေးတော် မူသည်မှာ၊
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
၎ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊
၅ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။
၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။
၇ သနားစုံမက်တတ် သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကို ခံရကြလတံ့။
၈ စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။
၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။