Tuesday, 27 November 2018

27-NOV-2018 (READING -ORD-34-YB-C2)

Tue the 27th: Rev 14:14-19; Ps 96:10-13; Rev 2:10; Luke 21:5-11

ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄ (Rev 14:14-19);

၁၄ တဖန် ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့်တူသော သူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက်၊ ထက်သောတံစဉ်ကိုကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။
၁၅ ကောင်းကင် တမန် တပါးသည် ဗိမာန်တော်ထဲကထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိပ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။
၁၆ မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပါးကို ရိတ်တော်မူ၏။
၁၇ ကောင်းကင် တမန်တပါးသည် ကောင်ကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်းထက်သောတံစဉ်ပါ၏။
၁၈ မီးကို အစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သောတံစဉ်ပါသောသူကို ကြီးစွာသောကြွေး ကြော်ခြင်းနှင့် ခေါ်လျက် သင်၏ထက်သာ တံစဉ်ကို လွှတ်၍ မြေကြီး၏စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။
၁၉ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌သွင်း၍ မြေကြီး၏စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင် အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချလေ၏။
၂၀ မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီး တလျောက်လုံး၌ မြင်းဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာ ထဲကထွက်လေ၏။

ဆာလံကျမ်း အခန်းကြီး ၉၆ (Ps 96:10-13);

၁၀ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများ ကို ဖြောင့်မတ်စွာ တရားစီရင်တော်မူလိမ့်မည်။
၁၁ ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကို ပြုစေ။
၁၂ လယ်ပြင်နှင့် လယ်ပြင်၌ရှိ သမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီဆိုကြလိမ့်မည်။
၁၃ အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ် တော်မူလတံ့။

ဗျာဒိတ်ကျမ်း အခန်းကြီး ၂ (Rev 2:10);

၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:5-11);

၅ လူအချို့တို့သည် လာ၍ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း၊ ဆင်ပြင်လျက်ရှိပါ၏ဟု လျှောက်ကြလျှင်၊
၆ ကိုယ်တော်က၊ ဤအရာများကို သင်တို့သည်ယခု မြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၇ သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလ လည်းရောက်လာပြီဟု ဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၉ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
၁၀ ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။