Sat the 17th: Memorial of Elizabeth of Hungary, religious.
3 John 5-8; Ps 112:1-6; 2 Thess 2:14; Luke 18:1-8
ရှင်ယောဟန်သြဝါဒစာတတိယစောင် (3 John 5-8);
၅ အချင်းချစ်သူ၊ သင်သည်ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီပြုတတ်၏။
၆ ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကိုအသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့် အညီပို့လိုက် ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။
၇ အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပ လူတို့တွင် အလှူမခံဘဲသွားကြ၏။
၈ ငါတို့သည် သမ္မာတရားကို ကူမသောသူဖြစ်အံ့သောငှါ၊ ထိုသို့သော သူတို့အား ဧည့်သည်ဝတ်ကိုပြုအပ်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:1-6);
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
၂ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
၃ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
၎ သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
၅ ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
၆ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);
၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈ (Luke 18:1-8);
၁ လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား၊
၂ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကိုအားမနာတတ်သော တရားသူကြီးတယောက်ရှိ၏။
၃ ထိုမြို့၌နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက် အောင် အပြစ်အလျောက် ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊
၎ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကိုမကြောက်ရွံ့၊ လူကိုအားမနာတတ်သောသူဖြစ်သော်လည်း၊
၅ ဤမုတ်ဆိုးမ သည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်းစေလိမ့်မည် ဟု စိတ်ထဲ၌အကြံရှိ၏။
၆ မတရားသော ထိုတရားသူကြီး၏အကြံကို မှတ်ကြလော့။
၇ ဘုရားသခင်ရွေးကောက် တော်မူသောသူတို့သည် ညဥ့်နေ့မပြတ် အော်ဟစ်၍တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။
၈ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာတွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။