Tue the 6th: Phil 2:5-11; Ps 22:26-32; Matt 11:28; Luke 14:15-24
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:5-11);
၅ ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေ ကြလော့။
၆ ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊
၇ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။
၈ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
၉ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်မြှောက်၍ ဘွဲ့နာမတကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။
၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊
၁၁ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ်နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
ဆာလံကျမ်း အခန်းကြီး ၂၂ (Ps 22:26-31);
၂၆ နှိမ့်ချ လျက်ရှိသော သူတို့သည် ဝစွာ စားရကြလိမ့်မည်၊၊ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်းကြလိမ့်မည်။ သင်တို့ စိတ်နှလုံးသည် အစဉ်အမြဲ အားဖြည့်ရလိမ့်မည်၊၊
၂၇ မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍ထာဝရဘုရား ထံတော်သို့ ပြောင်းလဲကြလိမ့်မည်၊၊ လူအမျိုးအနွယ်အပေါင်း တို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်၊၊
၂၈ အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏၊၊ လူမျိုးတို့ကို မင်းပြုတော်မူ၏၊၊
၂၉ မြေကြီးပေါ်မှာ ကြွယ်ဝသော သူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်၊၊ ကိုယ့်အသက်ကို မစောင့်နိုင်၊၊ မြေမှုန့်သို့ ဆင်းရသော သူအပေါင်း တို့သည်လည်း ရှေ့တော်၌ ညွတ်ပြပ်ဝပ်တွား ကြလိမ့်မည်၊၊
၃၀ သူတို့အမျိုး အနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် လူအစဉ်အဆက်တို့သည်ထာဝရဘုရား၏ သိတင်းတော်ကို ကြားရလိမ့်မည်၊၊
၃၁ ဤသို့စီရင်တော်မူပြီဟု သူတို့သည် ပေါ်လာ၍တရားသော အမှုတော်ကို ဘွားသော လူမျိုးအား ဘော်ပြရကြလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:28);
၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:15-24);
၁၅ စားပွဲ၌လျောင်းသောသူတယောက်သည် ထိုစကားတော်ကိုကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊
၁၆ ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကိုစီရင်၍ လူများ ကို ခေါ်ဘိတ်လေ၏။
၁၇ ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီ ဟုမှာ၍ အစေအပါကိုစေလွှတ်၏။
၁၈ ခေါ်အပ်သောသူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏၊ တယောက်က၊ အကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ။ သွား၍ကြည့်ရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။
၁၉ တယောက်က၊ အကျွန်ုပ်သည် နွားငါးယှဉ်ကိုဝယ်ပါပြီ။ သွား၍စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။
၂၀ တယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟု ဆို၏။
၂၁ အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကိုဆို၏။
၂၂ အစေအပါးကလည်း၊ သခင် စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊
၂၃ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့။
၂၄ အထက်ကခေါ်ဘိတ်သော သူတယောက်မျှ ငါ့ပွဲသို့မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါးကိုဆိုသည်ဟု မိန့်တော်မူ၏။