Wednesday, 20 February 2019

20-FEB-2019 (READING -ORD 6-YC-C1)

Wed the 20th: Gen 8:6-22; Ps 116:12-19; Eph 1:17-18; Mark 8:22-26

ကမ္ဘာဦးကျမ်း အခန်းကြီး ၈ (Gen 8:6-22);

၆ ဒသမလတိုင် အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။
၇ ထိုမှ အရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သောပြတင်ပေါက်ကို ဖွင့်၍၊ ကျီးအ တကောင်ကိုလွှတ်လေ၏။
၈ ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။
၉ တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ ချိုးတကောင်ကို လွှတ်ပြန်လေ၏။
၁၀ ရေတပြင် လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကို ကိုင်ယူပြီး လျှင်၊ မိမိနေရာ သင်္ဘောထဲသို့ သွင်းလေ၏။
၁၁ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။
၁၂ ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သောကြောင့်၊
၁၃ မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။
၁၄ အနှစ်ခြောက်ရာတခု ပဌမလဆန်း တရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းသည်ရှိသော်၊ နေဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စ ရှိသည်ကို မြင်၏။
၁၅ ဒုတိယလ၊ နှစ်ဆယ် ခုနစ်ရက်နေ့တွင် မြေကြီးသွေ့ခြောက်လေ၏။
၁၆ ဘုရားသခင်ကလည်း၊ သင်သည်၊ သား၊ မယား၊ ချွေးမတို့နှင့်တကွ သင်္ဘောထဲက ထွက်ဆင်းလော့။
၁၇ သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ၊ မြေပေါ်၌ တွားတတ်သော တိရစ္ဆာန်များတို့သည်၊ မြေပ်ါမှာ သားကိုမွေး၍ အလွန်တိုးပွားများပြားမည် အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှ တို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။
၁၈ ထိုအခါ နောဧမှစ၍၊ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။
၁၉ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ ရေပေါ်မှာ လှုပ်ရှား တတ်သမျှသော အမျိုးမျိုးအပေါင်းတို့ သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။
၂၀ နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲက ယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။
၂၁ ထာဝရဘုရား သည်လည်း၊ မွှေးကြိုင် သောအနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည် ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သော အရာရှိသမျှ တို့ကို နောက်တဖန် ဒဏ်မခတ်။
၂၂ မြေကြီးမကုန်မှီတိုင်အောင်၊ မျိုးစေ့ကြဲရသောကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။




ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:12-19);

၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို  ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊

ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:17-18);

၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၈ (Mark 8:22-26);

၂၂  ဗက်ဇဲဒမြို့သို့ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။
၂၃ ကိုယ်တော်သည် လူကန်းကိုလက်ဆေး၍ မြို့ပြင်သို့ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည်တစုံတခုကို မြင်သလောဟု မေးတော်မူ၏။
၂၄ ထိုသူသည် ကြည့်မျှော်လျှင် လူတို့သည်၊ သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကိုအကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။
၂၅ နောက်တဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ရောက်၍ အလုံးစုံတို့ကိုရှင်းလင်းစွာမြင်လေ၏။
၂၆ ကိုယ်တော်ကလည်း၊ မြို့ထဲသို့ မဝင်နှင့် မြို့၌အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကိုမိမိနေရာသို့လွှတ်လိုက်လေ၏။