Fri the 14th: 2 Cor 4:7-15; Ps 116:10-18; Phil 2:15-16; Matt 5:27-32
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၄ (2 Cor 4:7-15);
၇ သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့် မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ၏။
၈ ငါတို့သည် အမျိုးမျိုးသောနှောင့်ရှက်ခြင်းကို ခံရသော် လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။
၉ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။
၁၀ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်း ကို ငါတို့ကိုယ်ခန္ဓွာ၌ ထင်ရှားစေခြင်းငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်ငါတို့၏ ကိုယ်ခန္ဓွာ၌ဆောင်ရကြ၏။
၁၁ အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့၏ သေတတ်သောကိုယ်ခန္ဓွာ၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံ့ခြင်းကိုခံရကြ၏။
၁၂ သို့ဖြစ်၍သေခြင်းတရားသည် ငါတို့၌ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။
၁၃ ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍၊ ငါသည်ယုံကြည်သော ကြောင့်မြွက်ဆို၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ငါတို့သည်ယုံကြည်ခြင်းစိတ်ရှိသောကြောင့်မြွက်ဆိုဟောပြောကြ၏။
၁၄ သခင်ယေရှုကိုထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်းထမြောက်စေ၍၊ သင်တို့နှင့် အတူအထံတော်၌သွင်းတော်မူမည်ဟု ငါတို့သိကြ၏။
၁၅ အများသောသူတို့သည်ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ခပ်သိမ်း သောအရာတို့သည် သင်တို့အဘို့အလိုငှါဖြစ်သတည်း။
ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:10-18);
၁၀ ငါသည် အလွန်ညိုးငယ်ခြင်းကို ခံရ၏ဟု မြွက်ဆိုသော်လည်း ယုံကြည်သောစိတ်ရှိသေး၏၊၊
၁၁ လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ ဟု သတိလစ်လျက် ပြောမိ၏၊၊
၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၂ (Phil 2:15-16);
၁၅-၁၆ သို့ပြုလျှင် အပြစ်တင်ခွင့် မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသောဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော နှုတ်ကပတ်တရားတော်ကိုပြသ၍၊ စကြာဝဠာ၌နေ၊ လ၊ ကြယ်နက္ခတ် ကဲ့သို့ ထိုလူမျိုး အထဲ၌ထွန်းလင်းကြ၏။ သို့ပြုလျှင်ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲ လျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:27-32);
၂၇ သူ့မယားကိုမပြစ်မှားရ ဟူသောရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၂၈ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။
၂၉ ထိုကြောင့် လက်ျာ မျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။
၃၀ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင်၊ ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏။
၃၁ တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
၃၂ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့်မိမိမယားနှင့် ကွာသော သူသည် မိမိမယားကိုမှားယွင်းစေ၏။