Thursday, 20 June 2019

20-JUN-2019 (READING -ORD11 -YC-C1)

Thu the 20th:     Solemnity of Corpus Christi.
Corpus Christi Readings: Deut 8:1-16; Ps 147:12-20; 1 Cor 10:16-17; John 6:51-58
2 Cor 11:1-11; Ps 111:1-8; Rom 8:15; Matt 6:7-15

Corpus Christi Readings: 

တရားဟောရာကျမ်း အခန်းကြီး ၈ (Deut 8:1-16);

၁ သင်သည်အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသော ပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။ 
၂ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ် ရှိသည်မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ် ပတ်လုံးတော၌ ပို့ဆောင်တော်မူသော လမ်းခရီးတရှောက်လုံးကိုအောက်မေ့ရမည်။ 
၃ ထိုသို့သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည်ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေး တော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက် မွေးရသည်ကို သိစေတော်မူ၏။ 
၎ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင်ဝတ်သော အဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်းမပွန်းမရောင်။ 
၅ အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင်ထာဝရဘုရား သည် သင့်အားဆုံးမ တော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။ 
၆ သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသော လမ်းသို့ လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။ 
၇ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သော မြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊ 
၈ ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊ 
၉ ဘာမျှမလိုဘဲဝစွာ စားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ၏။ 
၁၀ ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီမွမ်းရမည်။
၁၁ ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သော အပြစ်ကိုသတိနှင့်ရှောင်လော့။ 
၁၂ သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊ 
၁၃ သင်၏ သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုးများပြားစဉ်အခါ၊ 
၁၄ သင်သည် မာနထောင် လွှာခြင်းသို့ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့တော်မူထသော၊ 
၁၅ မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ်ခံရာအရပ်၊ ကြောက်မက်ဖွယ်သော တောကြီးအလယ်၌ သင့်ကိုပို့ဆောင်၍ မီးပါကျောက်ထဲကရေကို ထွက်စေတော်မူထသော၊ 
၁၆ သင့်ကိုနှိမ့်ချစုံစမ်း၍ နောက်ဆုံး၌ ကျေးဇူးပြုလိုသောငှာ၊ သင်၏ဘိုးဘေးမသိဘူးသော မန္နနှင့်တော၌ ကျွေးမွေးတော်မူသော သင်၏ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍၊ 
၁၇ ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာအေက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြည့်ရှောင်လော့။ 

ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20); 

၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊ 
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊ 
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊ 
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။ 
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊ 
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊ 
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊ 
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။ 
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊ ဟာလေလုယ။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၀ (1 Cor 10:16-17); 

၁၆ ငါတို့သည် ကျေးဇူးတော်ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ကိုယ်ကို ဆက်ဆံ ခြင်းဖြစ်သည် မဟုတ်လော။ 
၁၇ မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။ 

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:51-58); 

၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သောအသက် မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသား ပေတည်းဟု မိန့်တော်မူ၏။ 
၅၂ ထိုအခါယုဒလူတို့က၊ ဤသူသည်မိမိအသားကိုငါတို့စားစရာဘို့ အဘယ်သို့ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။ 
၅၃ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။ 
၅၄ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ 
၅၅ ငါ၏ အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။ 
၅၆ ငါ၏အသားအသွေးကို သောက်စားသော သူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏။ 
၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ် တော်မူ၍၊ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ 
၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့ မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊ 
၅၉ ကပေရနောင်မြို့မှာ တရားစရပ်၌ သြဝါဒပေးစဉ်တွင် မိန့်တော်မူ၏။

-----------------xxxxxxxx--------------xxxxxxxx--------------xxxxxxxxxx---------------

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၁ (2 Cor 11:1-11);

၁ ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။ 
၂ အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်ဆံ အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက်နေ၏။ 
၃ မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။ 
၎ သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့မဟော မပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကို သည်းခံကောင်း၏။ 
၅ ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။ 
၆ စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည် အစဉ်ကိုယ်ကိုကိုယ် ထင်ရှားစွာပြကြပြီ။ 
၇ သင်တို့ကိုချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည်အပြစ်ရှိသလော။ 
၈ သင်တို့အမှုကို ဆောင်ရွက် မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍ သူတို့ကိုလုယူရာသို့ ရောက်လေပြီ တကား။ 
၉ သင်တို့နှင့်အတူ ရှိနေ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောက်ရှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောက်ရှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။ 
၁၀ ခရစ်တော်၏ သစ္စာတရားသည် ငါ၌ရှိသည်ဖြစ်၍၊ အခါယပြည် များတို့၌ ဤသို့ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။ 
၁၁ အဘယ်ကြောင့်နည်း၊ သင်တို့ကို ငါမချစ်သလော။ ဘုရားသခင်သိတော်မူ၏။



ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-8);

၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။ 
၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ 
၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ 
၎ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။ 
၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။ 
၆ အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။ 
၇ လက်တော်နှင့် ပြုသောအမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။  
၈ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။ 

ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:15); 

၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။  

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆ (Matt 6:7-15); 

၇ သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကား အားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ 
၈ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။ 
၉ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ 
၁၀ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ ၁၁ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ 
၁၂ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။ 
၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။ ၁၄ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ 
၁၅ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။