Tuesday, 16 July 2019

16-JULY-2019 (READING -ORD15 -YC-C1)

Tue the 16th:     Optional memorial of Our Lady of Mt. Carmel.
Exod 2:1-15; Ps 69:3-34; Ps 95:8; Matt 11:20-24

ထွက်မြောက်ရာကျမ်း အခန်းကြီး ၂ (Exod 2:1-15);

၁ ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊
၂ မိန်းမသည် ပဋိသန္ဓွေ ယူသဖြင့်သားယောက်ျားကိုဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ် လုံးဖွက်ထားလေ၏။
၃ နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သော ပုခက်ကိုယူ၍ ရေညှိနှင့် သစ်စေးဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။
၎ သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ရပ်နေလေ၏။
၅ ဖါရောဘုရင်၏ သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မတယောက်ကို စေလွှတ်လေ၏။
၆ ပုခက်ဖုံးကို ဖွင့်သောအခါ၊ ငိုလျက် နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော်၊
၇ သူငယ်၏ အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရပါမည် လောဟု ဖါရောဘုရင်သမီးတော်အား မေးလျှောက်၍၊
၈ မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ် သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
၉ ဖါရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့ဘို့ထိန်းလော့။ အခကိုငါပေးမည်ဟု မှာထား သည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကို ယူသွား၍ ထိန်းလေ၏။
၁၀ သူငယ်ကြီးပွါးသောအခါ၊ ဖါရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ခန့်ထားလျက်၊ မောရှေအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါ နှုတ်ယူသည်ဟု ဆိုသတည်း။
၁၁ မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍သူတို့အမှုထမ်းရသော အခြင်းအရာ တို့ကိုကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲလူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
၁၂ ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌မြုပ်ထားလေ၏။
၁၃ နက်ဖြန်နေ့၌ ထွက်ပြန် သော်၊ ဟေဗြဲလူ နှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ် ကြောင့်ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊
၁၄ ထိုသူက၊ အဘယ်သူသည် သင့်ကိုငါတို့အပေါ်မှာ  အကဲအမှူးတရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကိုသတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှုထင်ရှားပြီဟု သိ၍ကြောက်လေ၏။
၁၅ ထိုသိတင်းကို ဖါရောဘုရင်ကြားသော အခါ၊ မောရှေကိုသတ်ခြင်းငှါ ရှာကြံလေ၏။  မောရှေသည် ဖါရောဘုရင် ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ရောက်လျှင်၊ ရေတွင်းနားမှာထိုင်၍ နားနေလေ၏။







ဆာလံကျမ်း အခန်းကြီး ၆၉ (Ps 69:3-34);

၃ အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်း ခြောက်ပါပြီ၊၊ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ၊၊
၎ အကြောင်းမရှိဘဲ အကျွန်ုပ် ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ ဆံပင်ထက်များကြပါ၏၊၊ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏၊၊  ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏၊၊
၅ အိုဘုရားသခင် အကျွန်ုပ်မိုက်ခြင်း အမှုကို ကိုယ်တော်သိတော်မူ၏၊၊ အကျွန်ုပ်၏ အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍မထားရပါ၊၊
၆ ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်၊၊ ဣသရေလအမျိုး၏ ဘုရားသခင် ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ် အကြောင်းကြောင့် ရှက်ကြောက်ခြင်း မရောက်ကြပါစေနှင့်၊၊
၇ ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်း ကိုခံရပါ၏၊၊ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။
၈ ကိုယ်ညီအစ်ကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ၊၊  တမိတည်းသော ပေါက်ဘော်တို့တွင် တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ၊၊
၉ ကိုယ်တော် ၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏၊၊ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကား သည် အကျွန်ုပ် အပေါ်သို့ ရောက်ပါ၏၊၊
၁၀ အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သောအကျင့် ကြောင့်ပင် ကဲ့ရဲ့ခြင်း ကို ခံရပါ၏၊၊
၁၁ လျှော်တေ အဝတ်ကို ဝတ်သောအခါ သူတို့သည် သရော်တတ်ကြပါ၏။
၁၂ ရုံး၌ ထိုင်သော သူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍ သေသောက်ကြူးတို့သည် အကျွန်ုပ်ကိုအကြောင်းပြု လျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏၊
၁၃ အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏၊၊ အိုဘုရားသခင်၊ ဂရုဏာတော်ကြွယ်ဝသည်နှင့်အညီ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။
၁၄ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နူတ်တော်မူပါ၊၊ နစ်စေတော်မမူပါနှင့်၊၊ အကျွန်ုပ်ကို မုန်းသော သူတို့လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော၊၊
၁၅ ရေထ၍ မလွှမ်းပါစေနှင့်၊၊ နက်နဲရာ၌ မမြ‡ုပ်ပါစေနှင့်၊၊ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်၊၊
၁၆ အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် အကျွန်ုပ် စကားကို နားထောင်တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်ကို မျက်နှာပြ တော်မူပါ။
၁၇ ကိုယ်တော်၏ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်၊၊ ဘေးရောက်ပါပြီ၊၊ အလျှင်အမြန် နားထောင်တော် မူပါ၊၊
၁၈ အကျွန်ုပ်၏ အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ၊၊ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေး တော်မူပါ။
၁၉ အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့ သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏၊၊
၂၀ ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည်စိတ်ပျက် ၍ အလွန်  ပူဆွေးခြင်း ရှိပါ၏၊၊ သနားသော သူကို ကြည့်၍ မမြင်၊၊ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
၂၁ အကျွန်ုပ်စားစရာဘို့ ဆေးခါးကိုကျွေးကြပါ၏၊၊ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏၊၊
၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက် သော်၎င်း ဖြစ်ပါစေ၊၊
၂၃ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ၊၊ သူတို့ ခါးသည်လည်း အစဉ်တုန်ပါစေ၊၊
၂၄ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော် မူ၍ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ၊၊ 
၂၅ သူတို့နေရာအရပ်သည် လူဆိတ်ညံရာ အရပ်ဖြစ်ပါစေ၊၊ သူတို့အိမ်၌ နေသောသူမရှိပါစေနှင့်၊၊
၂၆ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသောသူကို ညှဉ်းဆဲကြပါ၏၊၊ နာစေတော်မူသော သူတို့ကို ထပ်၍ နာစေကြပါ၏၊၊ 
၂၇ သူတို့အပြစ်၌ အပြစ်ကို ထပ်၍ပေးတော်မူပါ။ ကုသိုလ်တော်နှင့်မဆိုင်ကြပါ စေနှင့်။
၂၈ အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမှတ်ပါ စေနှင့်၊၊
၂၉ အကျွန်ုပ်မူကား ဆင်းရဲငြိုငြင်ပါ၏၊၊ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြင့်ပါစေသော။
၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်၊၊ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်၊၊
၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလား ကို နှစ်သက်သည်ထက် ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်၊၊
၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်၊၊ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်၊၊
၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊
၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:20-24);

၂၀ ထိုအခါ များစွာသောတန်ခိုးတော်ကိုပြတော်မူသော မြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့ တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။
၂၁ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာနှင့်လူးလျက်နောင်တရကြလိမ့်မည်။
၂၂ ငါဆိုသည်ကား၊ တရားဆုံးဖြတ် သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။
၂၃ အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှေက်စားခြင်းကိုခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့၊ အကြောင်းမူကား၊ သင်၌ပြသော တန်ခိုးကိုသောဒုံမြို့၌ ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။
၂၄ ငါဆို သည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက်သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။