Monday, 29 July 2019

29-JULY-2019 (READING -ORD17 -YC-C1)

Mon the 29th:     Memorial of Martha.
Exod 32:15-34; Ps 106:19-23; James 1:18; Matt 13:31-35

ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂ (Exod 32:15-34);

၁၅ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက်၊ လှည့်၍ တောင်ပေါ်ကဆင်းသွား လေ၏။ ထိုကျောက်ပြားနှစ်မျက်နှာ၌ အက္ခရာတင်လျက်ရှိ၏။
၁၆ ထိုကျောက်ပြားတို့သည် ဘုရားသခင်ဖန်ဆင်း တော်မူသော ကျောက်ပြား၊ စာသည်လည်း ဘုရားသခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
၁၇ လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင်၊ တပ်၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေအားဆို၏။
၁၈ မောရှေ ကလည်း၊ ငါကြားသောအသံသည် အောင်၍ကြွေးကြော်သံမဟုတ်၊ ရှုံး၍ငိုကြွေးသံလည်းမဟုတ်၊ သီချင်းဆိုသံ ဖြစ်သတည်းဟု ပြန်ပြော၏။
၁၉ တပ်အနီးသို့ရောက်သောအခါ၊ နွားသငယ်ကို၎င်း၊ ကခုန်ခြင်းကို၎င်း မြင်လျှင်၊ မောရှေသည် အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်ခြေရင်း၌ ချိုးဖဲ့၏။
၂၀ သူတို့လုပ်သော နွားသငယ် ကိုလည်း ယူ၍အရည်ကျို၏။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာဖြူး၍ ဣသရေလအမျိုးသားတို့ကို သောက်စေ၏။
၂၁ အာရုန်ကိုလည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီးသောအပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ပြုသနည်းဟု မေးလျှင်၊
၂၂ အာရုန်က၊ သခင်၊ အမျက်မထွက်ပါနှင့်။  ဤလူတို့သည် မကောင်းသောအကြံ ရှိကြောင်းကို ကိုယ်တော်သိပါ၏။
၂၃ သူတို့ကလည်း၊ ငါတို့ရှေ့မှာ သွားရသောဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင်၊
၂၄ အကျွန်ုပ်က၊ ရွှေရှိသောသူသည် ချွတ်စေဟုဆိုသည်နှင့်အညီ၊ သူတို့ပေးသောရွှေကို အကျွန်ုပ်သည် မီးထဲ၌ ထည့်လျှင်၊ ဤနွားသငယ်ထွက်လာပါသည်ဟု ပြန်ပြော၏။
၂၅ ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ရှေ့ မှောက်၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ်၍၊ အဝတ်တန်ဆာကို အချည်းစည်း ရှိကြကြောင်းကို မောရှေမြင်သောအခါ၊
၂၆ တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့လာစေဟုဆိုလျှင်၊ လေဝိအမျိုးသား အပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။
၂၇ မောရှေကလည်း၊ လူတိုင်းထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင် ထုတ်ချင်း ခပ်သွား၍၊ အသီးအသီးမိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု၊
၂၈ မောရှေစီရင်သည် အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။
၂၉ တဖန် မောရှေက၊ ထာဝရ ဘုရားသည် ယနေ့ကောင်းကြီး ပေးတော်မူစေခြင်းငှါ၊ သင်တို့သည် အသီးအသီးကိုယ်သား၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ် ကိုမြှောက်ကြပြီဟု ဆိုလေ၏။
၃၀ နက်ဖြန်နေ့၌လည်း၊ သင်တို့ပြစ်မှားသောအပြစ် ကြီးလှ၏။ ယခုမှာ ထဝရဘုရားအထံတော်သို့ ငါတက် သွား၍၊ သင်တို့အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ၊
၃၁ ထာဝရဘုရား အထံတော်သို့ ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသောအပြစ် ကြီးလှပါ၏။ မိမိတို့အဘို့ ရွှေဘုရား ကို လုပ်ပါပြီ။
၃၂ သို့သော်လည်း သူတို့အပြစ်ကိုလွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ။ သို့မဟုတ်၊ ကိုယ်တော်စီရင်တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
၃၃ ထာဝရဘုရားက၊ အကြင်သူသည် ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ငါချေမည်။

ဆာလံကျမ်း အခန်းကြီး ၁၀၆ (Ps 106:19-23);

၁၉ သူတို့သည်ဟောရပ်တောင်နား မှာ နွားသငယ်ကိုလုပ်၍ အရည်သွင်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ကြ၏။
၂၀ သူတို့၏ ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဍာန်ကို ယူကြ၏။
၂၁-၂၂ အဲဂုတ္တု  ပြည်၌  ကြီးသောအမှုတို့ကို၎င်း၊ ဟာမအမျိုးနေရာပြည်၌ အံဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း၊ ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။ ၂၃ ထိုအခါ ရွေးကောက်တော်မူသော မောရှေ့သည်  အမျက်တော်ကိုလွှဲ၍ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာ အရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကိုဖျက်ဆီး မည်ဟုအကြံရှိတော်မူ၏။

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁ (James 1:18);

၁၈ နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကိုဖြစ်ဘွား စေတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:31-35);

၃၁  အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ စိုက်သော မုန်ညင်းစေ့နှင့်တူ၏။
၃၂ မုန်ညင်းစေ့သည် အစေ့တကာတို့ထက်ငယ်သော်လည်း၊ ကြီးပွားသောအခါ မျက်ပင်တကာ တို့ထက်ကြီးသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍အကိုင်းအခက်တို့၌ နားနေမှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။
၃၃ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့် တူ၏၊ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေ တတ်သည် ဟု မိန့်တော်မူ၏။
၃၄ ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိတ်သတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ။
၃၅ ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆို ပေအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဘော်ပြပေအံ့ဟု ဟောဘူးသောစကား သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။