Sun the 21st: Psalter IV, Ordinary Time Week 12.
(Memorial of Aloysius Gonzaga, religious.)
Job 38:1-11; Ps 107:23-31; 2 Cor 5:14-17; Luke 7:16; Mark 4:35-41
ယောဘဝတ္တု အခန်းကြီး ၃၈(Job 38:1-11);
၁ ထိုအခါ ထာဝရဘုရားသည် ယောဘစကားကိုလှန်ပြန်၍ မိုဃ်းသက်မုန်းတိုင်းထဲက မိန့်တော်မူသည်ကား၊
၂ ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကား အဘယ် သူနည်း။
၃ လူယောက်ျား ကဲ့သို့သင့်ခါးကို စီးလော့၊၊
၎ ငါ့မေးမြန်းသောပြဿနာတို့ကို ဖြေလော့၊၊ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာ ရှိသနည်း၊၊ နားလည်လျှင် ဘော်ပြလော့၊၊
၅ မြေကြီးအတိုင်း အရှည်ပမာဏကို အဘယ်သူစီရင်သနည်း၊၊ နားလည်လျှင် ပြောလော့၊၊ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း၊၊
၆ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း၊၊
၇ နံနက် ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သား အပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋိကျောက်ကို အဘယ်သူ တင်ထားသနည်း၊၊
၈ သမုဒ္ဒရာသည် အမိဝမ်းထဲကဘွား၍ ထွက်လာသောအခါ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း၊၊
၉ သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သောမှောင် မိုက်နှင့် ထုပ်ရစ်သည်ကာလ၌င်း၊
၁၀ သင်သည် ဤအရပ်တိုင်အောင် လာရ၏။
၁၁ တိုး၍မလွန်ရ ဤအရပ်၌ သင်၏ ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထားသည်ကာလ၌င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း၊၊
ဆာလံကျမ်း အခန်းကြီး ၁၀၇ (Ps 107:23-31);
၂၃ သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည်
၂၄ နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့် အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏၊၊
၂၅ အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်း တိုက်သဖြင့် လှိုင်းတံပိုးတို့ကို ထစေ၏၊၊
၂၆ မိုဃ်းကောင်းကင်တိုင်အောင်တက်လျက် နက်နဲရာထဲသို့ ဆင်းလျက်တွေ့သော ဘေးကြောင့် သူတို့သည် စိတ်ပျက်ကြ၏၊၊
၂၇ တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏၊
၂၈ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော် မူ၏၊၊
၂၉ လေပြင်းကိုပျောက်စေတော်မူ၍ လှိုင်းတံပိုးများလည်းငြိမ်ဝပ်ကြ၏၊၊
၃၀ ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏၊၊ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏၊၊
၃၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော် တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:14-17);
၁၄ အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်း တို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊
၁၅ လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သော သူတို့သည် တဖန်ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့်အသေခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။
၁၆ သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်ကသိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သော သိမှတ်ခြင်းမရှိ။
၁၇ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:16);
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၄ (Mark 4:35-41);
၃၅ ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
၃၆ တပည့်တော် တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။
၃၇ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့်ပြည့်လေ၏။
၃၈ ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်ဆီးခြင်းသို့ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူသလောဟု လျောက်ကြသော်၊
၃၉ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
၄၀ ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့်ကင်းသနည်း ဟု မေးတော်မူလျှင်၊
၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။