Friday, 26 June 2015

26-JUN-2015-(READING)

Fri the 26th:    Gen 17:1-22; Ps 128:1-5; Matt 8:17; Matt 8:1-4

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၇ (Gen 17:1-22);

၁ ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော် မူ၍၊ ငါသည်အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍စုံလင်ခြင်း ရှိလော့။
၂ ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
၃ အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
၎ ငါပြု သော ပဋိညာဉ်သည်သင်၌ ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
၅ နောက်တဖန် သင်၏အမည်ကို အာဗြံဟု မခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟု ခေါ်ရ၏။ အကြောင်းမူကား၊ ငါသည်သင့်ကို များစွာသောလူအမျိုး တို့၏ အဘအရာ၌ခန့်ထားပြီ။
၆ ငါသည်သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကိုဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ် ရကြလိမ့်မည်။
၇ ငါသည်သင်၏ ဘုရား၊ သင့်နောက်၌သင့်အမျိုးအနွှယ်၏ ဘုရား ဖြစ်မည်ဟု၊ သင်နှင့် သင်၏အမျိုးအနွှယ်အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
၈ သင်သည် ယခုဧည့်သည် ဖြစ်၍ နေသောပြည်တည်းဟူသော၊ ခါနာန်ပြည် တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏ အမျိုးအနွှယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
၉ တဖန် ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွှယ် အစဉ် အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကိုစောင့်ရှောက် ရကြမည်။
၁၀ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုး အနွှယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။
၁၁ အရေ ဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်ရလိမ့်မည်။
၁၂ သင်တို့အမျိုး အစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ ဘွားသော သူဖြစ်စေ၊ ကိုယ်အမျိုးမဟုတ်၊ တပါးအမျိုးသား၌ ငွေနှင့် ဝယ်သောသူဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။
၁၃ ကိုယ်အိမ်၌ဘွားသောသူ၊ ကိုယ်ငွေနှင့် ဝယ်သောသူသည်၊ အရေဖျားလှီး မင်္ဂလာကိုခံရမည်။ ငါ့ပဋိညာဉ်လည်း သင်တို့၏ အသား၌ ထာဝရပဋိညာဉ်ဖြစ်လိမ့်မည်။
၁၄ အရေဖျားမလှီး၊ အရေဖျားလှီမင်္ဂလာကို မခံသောသား ယောက်ျားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု၊ အာဗြဟံအားမိန့်တော်မူ၏။
၁၅ တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကိုမူကား၊ စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည် ဖြင့်ခေါ်ရ၏။
၁၆ သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အားသားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်းကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွှယ်၌လည်း၊ အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ရ ကြလိမ့်မည်ဟု၊ အာဗြဟံအားမိန့်တော်မူ၏။
၁၇ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက်၊ အသက်တရာရှိသော သူသည် သားကိုရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက်၊ စိတ်နှလုံး ထဲမှာအောက်မေ့ပြီးလျှင်၊
၁၈ ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေသောဟု၊ ဘုရားသခင်ကို လျှောက်သော အခါ၊
၁၉ ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည် ဖြင့် မှည့်ရမည်။ သူ၌၎င်း၊ သူ့နောက်မှ သူ၏ အမျိုးအနွှယ်၌၎င်း၊ ငါ၏ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
၂၀ ဣရှမေလအမှု၌ကား၊ သင်၏ စကားကို ငါနားထောင်၏။ သူ့ကိုငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွါးစေ၍ သူ့ကိုအလွှန်များပြား စေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘဖြစ်လိမ့်မည်။ ကြီးသောလူမျိုးဖြစ်စေခြင်းငှါ လည်း ငါပြုမည်။
၂၁ သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
၂၂ မိန့်မြွက်တော်မူသံငြိမ်း၍၊ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၈ (Ps 128:1-5);

၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။
၂ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ်ဆောင်၍ရသော အစာကိုစားရလိမ့်မည်။ မင်္ဂလာရှိ၍ ကောင်းစား ရလိမ့်မည်။
၃ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီးတို့သည် သင့်စားပွဲ  ပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင်များ ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
၎ ထာဝရဘုရားကို ကြောက်ရွံ့သော သူသည် ထိုသို့သော မင်္ဂလာရှိရလိမ့်မည်။
၅ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ၍၊ ယေရုရှလင်မြို့ ခံရသော ကောင်းကျိုးကို တသက်လုံးမြင် ရလိမ့်မည်။
၆ မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလ အမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:17);

၁၇ ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်းဖြစ်သတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈(Matt 8:1-4);

၁ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်း တို့သည်နောက် တော်သို့ လိုက်ကြ၏။
၂ ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟုလျှောက်လေ၏။
၃ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော် မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
၎ ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကိုအဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။