Wednesday, 14 December 2016

14-DEC-2016 (READING ADV3 -YA-C1)

Wed the 14th: (Memorial of John of the Cross, priest and doctor.)
Isa 45:6-25; Ps 85:9-14; Luke 7:18-23

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၅ (Isa 45:6-25);

၆ သို့ဖြစ်၍ ငါမှတပါး အခြားသောဘုရားမရှိ၊ ငါတပါးတည်း သာ ထာဝရ ဘုရားဖြစ်ကြောင်းကို၊ နေထွက်ရာ အရပ်သားနှင့် အနောက်မျက်နှာသားတို့သည် သိရကြလိမ့်မည်။
၇ ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်းဖန်ဆင်း၏။ ငြိမ်သက်ခြင်းကိုဖြစ်စေ၏၊၊ အမင်္ဂလာကိုလည်း ဖန်ဆင်း၏။  ခပ်သိမ်းသော အမှုအရာတို့ကို ငါထာဝရဘုရားပြု တော်မူ၏။
၈ မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်း အသီးကိုသီးစေ။ ဖြောင့်မတ်ခြင်းတရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ငါထာဝရဘုရား ဖန်ဆင် ၏။
၉ အကြင်သူသည် မိမိကိုဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့ တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို  လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သော အရာကဆိုရမည်လော။
၁၀ မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟူ၍င်း၊ မိမိအမိအား၊ သင်သည်အဘယ်သို့သော အရာကို မွေးဖွား သနည်းဟူ၍င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။
၁၁ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကိုငါ့ထံ၌ မေးမြန်းကြလော့။ ငါ့သားတို့အတွက်၊ ငါကိုယ်တိုင်ပြုသော အမှုအတွက်ကြောင့်၊ ငါ့ကိုစီရင်ကြလော့။
၁၂ မြေကြီးကိုငါလုပ်လေပြီ။ မြေကြီးပေါ်မှာ လူကိုလည်း ဖန်ဆင်းလေပြီ။ မိုဃ်းကောင်းကင်ကို ကိုယ်လက်နှင့် ငါကြက်လေပြီ။ မိုဃ်းကောင်းကင် တန်ဆာအပေါင်းတို့ကို ငါခန့်ထားလေပြီ။
၁၃ ထိုသူကိုလည်းတရားတော်အတိုင်း ငါပေါ်ထွန်းစေ၏။ သူသွားသောလမ်းကို ငါဖြောင့်စေမည်။ သူသည်ငါ၏ မြို့ကို တည်ဆောက်လိမ့်မည်။ သိမ်းသွားချုပ်ထားခြင်းကို ခံရသောငါ၏လူတို့ကို သူသည်အဘိုးမခံ၊ ဆုမယူဘဲ လွတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၄ တဖန်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲဂုတ္တုရပြည်တွင် ဆည်ဖူးသောဥစ္စာ ကုရှပြည်သား၊ အရပ်မြင့်သော သေဘအမျိုးသားပြုစုသော ကုန်သွယ်ဥစ္စာသည် သင်ဘက်သို့ ရောက်၍၊ သင်၏ဥစ္စာ ဖြစ်ရလိမ့်မည်။ ထိုသူတို့သည် သင့်နောက်သို့လိုက်၍ သံကြိုးနှင့်ချည်နှောင်လျက်လမ်း၌ ရှောက်သွားကြလိမ့်မည်၊၊ သင့်ရှေ့မှာပြပ်ဝပ်၍၊ အကယ်စင်စစ်ကိုယ်တော်၌ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတပါး အခြားသောဘုရား သခင်မည်မျှမရှိပါဟူ၍ တောင်းပန်ကြလိမ့်မည်။
၁၅ အိုဣသရေလ အမျိုး၏ဘုရားသခင် ကယ်တော်မူသောဘုရား အကယ်စင်စစ်ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။
၁၆ ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက်ကြောက်၍ မိန်မောတွေဝေ ကြလိမ့်မည်။ အရှက်ကွဲ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည်။
၁၇ ဣသရေလ အမျိုးအမူကား၊ ထာဝရဘုရားသခင်အားဖြင့် ထာဝရကယ်တင်ခြင်းသို့ရောက်၍၊ သင်တို့သည်ရှက်ကြောက်ခြင်း မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက်ကင်းလွတ်ကြလိမ့်မည်။
၁၈ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေ တော်မူသောအရှင်၊ အချည်းနှီးဖန်းဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသောဘုရားသခင် မိန့်တော်မူသည်ကား ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။
၁၉ ငါသည်တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ်၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည်ဖြောင့်မတ်စွာ ပြော၍အတည့်အလင်း ဟောတတ်သောထာဝရ ဘုရားဖြစ်၏။
၂၀ သင်တို့သည် စည်းဝေး ၍ လာကြလော့။ အတိုင်းတိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သောသူတို့၊ စည်းဝေးကြလော့။ မိမိထုလုပ်သော သစ်သားကိုဆောင်ရွက်သောသူ၊ မကယ်တင်နိုင်သောဘုရားကို ပဌနာပြုသောသူတို့သည် ပညာမရှိကြ။
၂၁ သိတင်းကြားပြောကြလော့။ လူများကိုအနီးသို့ခေါ်ခဲ့၍ တိုင်ပင်ကြပါစေ။ ဤအမှုကိုရှေးကာလမှစ၍ အဘယ်သူ ဘော်ပြသနည်း။ အထက်က အဘယ်သူဟောပြောသနည်း၊၊ ငါထာဝရဘုရားဟောပြောသည်မဟုတ်လော။  ငါမှတပါး အခြားသောဘုရားသခင် မရှိ။
၂၂ မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကိုမျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို   ခံကြလော့။ ငါသည်ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
၂၃ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည်၍ ငါကျိန်ဆိုသောတရားစကားသည် ငါ့နှုတ်မှ ထွက်သည်ဖြစ်၍ မပြည့်စုဲံမနေရ။
၂၄ ထာဝရဘုရား အားဖြင့်သာ ဖြောင့်မတ် ခြင်းနှင့်အစွမ်းသတ္တိကို ရပါသည်ဟုလူတိုင်း လျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသောသူအပေါင်းတို့သည်အထံတော်သို့လာ၍ရှက် ကြောက်ခြင်းသို့ ရောက်ကြ လိမ့်မည်။
၂၅ ဣသရေလ အမျိုးသားအပေါင်းတို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွား ကြလိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-14);

၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:18-23);

၁၈ ယောဟန်၏တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအား ကြားပြောကြ၏။
၁၉ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကိုခေါ် ပြီးလျှင် ယေရှုထံတော်သို့ စေလွှတ်၍၊ ကိုယ်တော်သည်ကြွလာသော သူမှန်သလော။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။
၂၀ ထိုသူတို့သည် အထံတော်သို့ရောက်လျှင်၊ ကိုယ်တော်သည်ကြွလာသော သူမှန်သ လော။ သို့မဟုတ် အခြားသောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက်စေခြင်းငှါ၊ ဗတ္တိဇံ ဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ် ပါပြီဟု လျှောက်ကြ၏။
၂၁ ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေတော်မူ၏။ မျက်စိကန်းသောသူအများတို့လည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ၏။
၂၂ ထိုအခါ ယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်း သောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။
၂၃ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သော သူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။