Tue the 17th: Memorial of Anthony, abbot.
Heb 6:10-20; Ps 111:1-10; Eph 1:17-18; Mark 2:23-28
ဟေဗြဲသြဝါဒစာ အခန်းကြီး ၆ (Heb 6:10-20);
၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကို ထောက်၍ပြသော မေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူ သည်မဟုတ်။
၁၁-၁၂ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့်ဂတိတော် တို့ကိုအမွေခံရသော သူတို့နည်းတူကျင့်နိုင်မည်အကြောင်း၊ ထိုသို့သောလုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသောမြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည်အလိုရှိကြ၏။ ၁၃ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန်မရှိသောကြောင့်၊ ကိုယ်တော်ကိုတိုင်တည်၍၊
၁၄ ငါသည်သင့်အားအစဉ်အမြဲကောင်းကြီးပေး မည်။ သင့်ကိုအစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆိုတော်မူ၏။
၁၅ ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက်စောင့် နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။
၁၆ လူတို့သည်မိမိထက်ကြီးမြတ်သောသူကိုတိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။
၁၇ ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသော သူတို့သည်၊ ဘုရားသခင်၏အကြံအစည်တော်မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။
၁၈ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်း ဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကိုအမှီပြု၍၊ ကိုယ်ရှေ့၌ ထားသောမြော်လင့်ရာကို ခိုလှုံခြင်းငှါပြေးသောငါတို့သည် သက်သာအားကြီးကြမည် အကြောင်းတည်း။
၁၉ ထိုမြော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခံ့သောစိတ် နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။
၂၀ မေလခိဇေဒက် နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-10);
၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။
၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။
၎ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။
၆ အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
၇ လက်တော်နှင့် ပြုသောအမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။
၈ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။
၉ မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော်မူ၏။ နာမတော်သည် သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။
ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:17-18);
၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၂ (Mark 2:23-28);
၂၃ ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်လျက် ခရီးသွားကြ၏။
၂၄ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊
၂၅ ကိုယ်တော်က၊ ယဇ်ပရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊
၂၆ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပရော ဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကိုစား၍ မိမိအဘော်တို့အားပေးသည် အကြောင်းကို သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။
၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။