Wed the 2nd: Memorial of Athanasius, bishop and doctor.
Acts 15:1-6; Ps 122:1-5; John 15:1-8
တမန်တော်ဝတ္ထု အခန်းကြီး ၁၅(Acts 15:1-6);
၁ ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသောသူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမသြဝါဒပေးကြ၏။
၂ ထိုသူတို့နှင့်ပေါလု၊ ဗာနဗတို့သည် ဆွေးနွှေးငြင်းခုန်ခြင်းများသောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသော တပည့်တော်အချို့တို့နှင့်တကွ ထိုပြဿနာ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့ သွားရမည်အကြောင်းကို စီရင်ကြ၏။
၃ အသင်းတော်သည် လမ်း၌ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗ တို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကိုရှောက်သွား၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
၎ ယေရုရှလင်မြို့သို့ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကိုခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။
၅ ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ၏။
၆ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင် ခြင်ခြင်းငှါ စည်းဝေးကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၂၂ (Ps 122:1-5);
၁ ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏၊၊
၂ အိုယေရုရှလင်မြို့ သင်၏တံခါးတို့အတွင်း၌ ငါတို့သည် ရပ်၍ နေကြလိမ့်မည်၊၊
၃ ယေရုရှလင် မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏၊၊
၎ အမျိုးအနွယ်တို့သည် ထိုမြို့သို့ တက်ကြ၏၊၊ ဣသရေလအမျိုး ထုံးစံရှိ သည်အတိုင်း ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကိုချီးမွမ်းခြင်းငှာတက်သွားကြ၏။
၅ ထိုမြို့၌တရား စီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည် တည်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:1-8);
၁ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။
၂ ငါ၌ အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ အသီးသီး စေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။
၃ သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက် ရှိကြ၏။
၎ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။
၆ ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။
၇ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။
၈ သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှား တော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။