Wed the 23rd: Jas 4:13-17; Ps 49:1-11; John 14:6; Mark 9:38-40
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၄ (Jas 4:13-17);
၁၃ ယနေ့နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။
၁၄ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။
၁၅ ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။
၁၆ ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏ ထိုသို့ သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။
၁၇ ထိုကြောင့်၊ ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေ သောသူသည် အပြစ်ရှိ၏။
ဆာလံကျမ်း အခန်းကြီး ၄၉ (Ps 49:1-11);
၁ လူများ အပေါင်းတို့ ကြားကြလော့၊၊ ခပ်သိမ်းသောလောကသား
၂ အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသောသူတို့၊ တညီတညွတ်တည်း နားထောင်ကြလော့၊၊
၃ င့ါနှုတ်သည် ပညာကို မြွက်ဆိုမည်၊၊ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်၊၊
၎ ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့၊၊
၅ ခဲယဉ်းဆိုးယုတ်သော ကာလ၌ ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း၊၊
၆ ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍ ကိုယ်စည်းစိမ်များ သောကြောင့် ဝါကြွားသော်လည်း
၇ မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်၊၊ ရွေးရန် အဘိုးကို ဘုရားသခင်၌ မပေးနိုင်၊၊
၈ သူတို့အသက်ဝိညာဉ်၏ ရွေးရန်အဘိုးကြီးလှပေ၏၊၊ သို့ဖြစ်၍ အစဉ်ရှုံးလျက် နေရမည်၊၊
၉ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏၊၊ ပုပ်စပ်ခြင်းသို့ မရောက်ရာ၊၊
၁၀ ထင်ရှားသော အရာဟူမူကား ပညာရှိသောသူတို့သည် သေတတ်ကြ၏၊၊ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏၊၊
၁၁ မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်၊၊ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်၊၊ မိမိတို့ နာမသည် မြေပေါ်မှာ ကျောစောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:38-40);
၃၈ ယောဟန်ကလည်း၊ အရှင်ဘုရား၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်တို့ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သော ကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟုလျှောက်လေသော်၊
၃၉ ယေရှုက ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကိုအမှီပြုလျက် တန်ခိုးကိုပြ၍ငါ့ကို အလွယ်တကူကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ။
၄၀ သင်တို့၏ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ရှိ၏။