Jas 4:1-10; Ps 55:7-23; Gal 6:14; Mark 9:30-37
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၄(Jas 4:1-10);
၁ သင်တို့တွင်စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းအကြောင့်ဖြစ်သနည်း။ သင်တို့ အင်္ဂါများ၌ စစ်ပြိုင်သောကိလေသာ ကာမစိတ်ကြောင့်ဖြစ်သည်မဟုတ်လော။
၂ သင်တို့သည် တပ်မက်၍ မရကြ။ လူအသက်ကိုသတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။
၃ ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။
၎ မတရားသော မေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက်ဖြစ်သည်ကိုမသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
၅ ကျမ်းစာချက်အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည် ဟူ၍ ၎င်းထင်ကြသလော။
၆ ထိုဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကိုပြု တော်မူ၏။ ထိုသို့နှင့် အညီကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသော သူတို့ကိုဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။
၇ ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြု လျှင်၊ သူသည်သင်တို့ထံက ပြေးသွားလိမ့်မည်။
၈ ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူ လိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကိုစင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသော သူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။
၉ ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေး မြည်းတမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်းဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်း ကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။
၁၀ ဘုရားသခင့် ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကိုမြှောက်တော်မူလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၅၅ (Ps 55:7-23);
၇ ဝေးစွာသွား၍ တောမှာ နေရာကျလိမ့်မည်၊၊
၈ ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့်လွတ်ခြင်းငှါ အလျင်အမြန် ပြေးလိမ့် မည်ဟု အကျွန်ုပ် စိတ်ရှိပါ၏၊၊
၉ အို ထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ၊၊ မြို့တော်တွင် အနိုင်အထက်ပြု ခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ၊၊ ၁၀ မြို့ရိုးပေါ်မှာ နေညည့်မပြတ်သူတို့သည် လည်ကြပါ၏၊၊ မြို့ထဲမှာ ဆိုးညစ်သော အမှုနှင့် နှောက်ရှက်ခြင်းအမှုရှိကြပါ၏၊၊
၁၁ အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍ ညင်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏၊၊
၁၂ ငါ့ကို ကဲ့ရဲ့သော သူသည် ငါ့ရန်သူမဟုတ်၊၊ ဟုတ်လျှင် သည်းခံနိုင်၏၊၊ ငါ့ကို ရန်ဘက်ပြု သောသူသည် ငါ့ကို မုန်းသောသူမဟုတ်၊၊ ဟုတ်လျှင် ထိုလူကို ငါရှောင်နိုင်သည်၊၊
၁၃ ထိုသို့ပြုသောသူသည် သင်ဖြစ် ၏၊၊ ငါနှင့်ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါ့အသိအကျွမ်းဖြစ်၏၊၊
၁၄ အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ၊၊ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေးနှင့် အတူသွားကြပြီ၊၊
၁၅ သူတို့ကို သေမင်းဘမ်းဆီးပါစေ၊၊ အသက် ရှင်လျက် မရဏာနိုင်ငံသို့ ဆင်းသက်ကြပါစေ၊၊ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့ အထဲ၌ ရှိကြ၏၊၊
၁၆ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍ ထာဝရဘုရားသည် ကယ်တင်တော်မူမည်၊၊
၁၇ ညဦးအချိန် ၊ နံနက် အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍ ငါ၏အသံကို ကြားတော်မူမည်၊၊
၁၈ ငါ့ကိုစစ်တိုက်ကြစဉ် တွင် ငါ့အသက်ကို ရွေးနှုတ်၍ ချမ်းသာပေးတော်မူမည်၊၊
၁၉ ငါ့ဘက်၌ နေသောသူအများရှိကြ၏၊ ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်၊၊ သူတို့သည် ပြောင်းလဲခြင်း မရှိသော ကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ၊၊
၂၀ ထိုသို့သော သူသည် မိတ်ဆွေဖြစ်သောသူကိုပြစ်မှား၍ သစ္စာပျက်တတ်၏၊၊
၂၁ သူ၏ စကားသည် ထောပတ်ထက် ချောသော်လည်း စစ်တိုက်မည်ဟု အကြံရှိ၏၊၊ သူ၏ စကားသည် ဆီထက် ပြော့သော်လည်း ထုတ်သောထားဖြစ်၏၊၊
၂၂ ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့၊၊ သင့်ကို မစတော်မူမည်၊၊ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ၊၊
၂၃ အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူ့အသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တဝက်ခန့်မျှ မရှင်ရကြ၊၊ အကျွန်ုပ်မူ ကား ကိုယ်တော်၌ ခိုလှုံပါမည်၊၊
ဂလာတိသြဝါဒစာ အခန်းကြီး ၆ (Gal 6:14);
၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌မျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင် တော်မှာ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:30-37);
၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှသိစေခြင်းငှါ အလိုတော်မရှိ။
၃၁ အကြောင်းမူကား၊ လူသားသည်လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။
၃၂ ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့နားမလည်သော်လည်း၊ ကိုယ်တော်ကိုမမေး မလျှောက်ဝံ့ကြ။
၃၃ ကပေရနောင်မြို့သို့ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊ ၃၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု လမ်း၌အချင်းချင်းငြင်းခုံကြ၏။
၃၅ ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။ ၃၆ သူငယ်တယောက်ကိုလည်းယူ၍ သူတို့အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊
၃၇ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ် တစုံတယောက် ကိုလက်ခံ၏၊ ထိုသူသည်ငါ့ကို ပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။