Thursday, 24 May 2018

24-MAY-2018 (READING -EST7-YB-C2)

Thu the 24th: Jas 5:1-6; Ps 49:14-20; 1 Thess 2:13; Mark 9:41-50

ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၅(Jas 5:1-6);

၁ အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခ ဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။
၂ သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။
၃ ရွှေငွေလည်း အချေးတက်၍ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေ ဖြစ်၍ မီးကဲ့သို့သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ ဘဏ္ဍာကိုဆည်းဖူး ကြပြီတကား။
၎ နားထောင်ကြ။ သင်တို့ လယ်ကွင်း၌ ရိတ်သောသူတို့ကို လှည့်စား၍ အခမပေးဘဲ နေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။
၅ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ၊ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့ နှလုံးကိုမွေးမြူကြပြီ။
၆ ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကိုမဆီးတား။

ဆာလံကျမ်း အခန်းကြီး ၄၉  (Ps 49:14-20);

၁၄ ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ ချထား၍ သေမင်းစားလိမ့်မည်၊၊ ကာလမကြာမြင့်မှီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓြွာသည် ဖောက်ပြန်ဘို့ရာဖြစ်၏၊၊ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်၏၊၊
၁၅ ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏ ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်၊၊
၁၆ သူတပါးသည် ဥစ္စာကြွယ်ဝ၍ အိမ်၏ ဂုဏ်အသရေတိုးပွားသောအခါ သင်သည် မစိုးရိမ်နှင့်၊၊
၁၇ ထိုသူသည် သေသောအခါ အဘယ်ဥစ္စာမျှမပါရ၊၊ သူ၏ ဂုဏ်အရေသည် သူနောက်သို့ မဆင်းသက်ရ၊၊
၁၈ ထိုသူသည် အသက်ရှင် စဉ်အခါ မိမိဝိညာဉ်ကို ကောင်းကြီးပေးတတ်၏၊၊ မိမိအကျိုးကို ပြုစုသောအခါ သူတပါးတို့သည် ချီးမွမ်းတတ်ကြ၏။
၁၉ သို့သော်လည်း သူသည် သူ၏ ဘိုးဘေးအမျိုးရှိရာ သွားရလိမ့်မည်၊၊ ကာလအစဉ်အဆက် သူတို့သည် အလင်းကို မမြင်ရကြ၊၊
၂၀ ဂုဏ်အသေရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသောသူသည်ကား ပျက်စီးခြင်း သို့ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏၊၊

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:13);

၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:41-50);

၄၁ သင်တို့သည် ခရစ်တော်နှင့်ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အားရေတခွက်ကိုမျှပေး၏၊ ထိုသူသည် အကျိုးကိုမရဘဲမနေရာ၊ ငါအမှန်ဆို၏။
၄၂ ငါ့ကိုယုံကြည်သောဤသူငယ် တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုစွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ကောင်း၏။
၄၃ သင်၏လက်သည် သင့်ကိုမှားယွင်း စေလျှင် လက်ကိုဖြတ်လော့။
၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်းမငြိမ်းနိုင်သောမီးထဲသို့ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
၄၅ သင်၏ခြေသည် သင့်ကိုမှား ယွင်းစေလျှင် ခြေကိုဖြတ်လော့။
၄၆ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့ ခြေနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက် ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ၍ကောင်း၏။
၄၇ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စေ့ကိုထုတ်လော့။
၄၈ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက်၊ မျက်စိတဘက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။
၄၉ ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို  ခံရကြမည်။
၅၀ ဆားသည်ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ သင်တို့၌ ဆားရှိစေကြလော့။ အချင်းချင်းအသင့်အတင့်နေကြလော့ဟု မိန့်တော်မူ၏။