Thu the 31st: Solemnity of Corpus Christi.
Feast of The Visitation.
Corpus Christi Readings: Exod 24:3-8; Ps 116:12-18; Heb 9:11-15; Mark 14:12-26
1 Pet 2:1-12; Ps 100:2-5; John 8:12; Mark 10:46-52
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၂(1 Pet 2:1-12);
၁-၃ ထိုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍ အမျိုးမျိုး သော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်း အလိုငှါ နှုတ်ကပတ် တရား၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သောစိတ် ရှိကြလော့။
၎ လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက် ကျောက်မြတ်တည်း ဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊
၅ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်းဖြစ်ကြ၏။
၆ ထိုသို့နှင့် အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သောတိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာ ဟုလာသတည်း။
၇ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ကား၊ တိုက်ကို တည်လုပ် သော သူများပယ်ထားသောကျောက်သည် နောက်တဖန် တိုက်ထောင်အထွဋ်အဖျားသို့ ရောက်ပြန်၏။
၈ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့သည် ထိမိ၍လဲစရာ ကျောက်၊ မှားယွင်း စရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့်တွေ့စေခြင်းငှါ ထိုသူတို့ကိုခန့်ထား တော်မူသတည်း။
၉ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများ ကိုဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
၁၀ အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရကြ၏။
၁၁ ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
၁၂ သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင် ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရ၍ှု ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။
ဆာလံကျမ်း အခန်းကြီး ၁၀၀ (Ps 100:2-5);
၁ မြေကြီးသားအပေါင်းတို့၊ ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။
၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
၃ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။
၎ ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော် သည် ကာလအဆက်ဆက် တည်လေသတည်း။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);
၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:46-52);
၄၆ ယေရိခေါ မြို့သို့ရောက်ကြလျှင် တပည့်တော်တို့မှစ၍ များစွာသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင်၊ တိမဲ၏သား ဗာတိမဲအမည်ရှိသောလူကန်းသည် လမ်းနားမှာထိုင်၍တောင်းစားလေ၏။
၄၇ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော် မူပါဟု ဟစ်ကြော်လေ၏။
၄၈ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်လေသော်၊
၄၉ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကိုခေါ်တော်မူသည်ဟု ဆိုကြ၏။
၅၀ ထိုသူသည် မိမိအဝတ်ကိုခြုံပြီးလျှင်၊ ထ၍ယေရှုထံတော်သို့ သွား၏။
၅၁ ယေရှုကလည်း၊ သင်၌အဘယ် သို့ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊
၅၂ အရှင်ဘုရား၊ အကျွန်ုပ်မျက်စိမြင်စေ ခြင်းငှါ ပြုတော်မူပါဟု လူကန်း လျှောက်လေသော်၊ ယေရှုက၊ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူသည် မျက်စိမြင်၍ လမ်း၌နောက်တော်သို့လိုက်လေ၏။