Monday, 28 May 2018

28-MAY-2018 (READING -ORD8-YB-C2)

Mon the 28th: 1 Pet 1:3-9; Ps 111:1-10; 2 Cor 8:9; Mark 10:17-27

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:3-9);

၃ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန် ဖြစ်ဘွားစေ တော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။       
၎-၅ ထိုအမွေတော်သည်ကား၊ နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူ သော သင်တို့အဘို့ ကောင်းကင်ဘုံ၌သိုထားလျက်ရှိသော အမွေတည်း။
၆-၇ အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်း သောအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့် ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၁၁ (Ps 111:1-10);

၁ ငါသည်ဖြောင့်မတ်သော သူတို့၏ အစည်းအဝေး၌၎င်း၊ ပရိတ်သတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်းမည်။
၂ ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
၃ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။
၎ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတက်သော သဘော၊ သနားစုံမက်တတ်သောသဘောနှင့် ပြည့်စုံတော်မူ၏။
၅ ကြောက်ရွံ့ရို သေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။
၆ အမှုတော်တို့၌ ရှိသော တန်ခိုးကို မိမိလူတို့အားပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
၇ လက်တော်နှင့် ပြုသောအမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်းယှဉ်ကြ၏။ ပညတ်တော်အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်း သဘောနှင့် ကင်းလွတ်ကြ၏။ 
၈ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ယှဉ်သောကြောင့် အစဉ်အမြဲတည်ကြ၏။
၉ မိမိလူတို့၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော်မူ၏။ နာမတော်သည် သန့်ရှင်၏။ ကြောက်ရွံ့ရိုသေဘွယ်  ဖြစ်၏။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။  ပညတ်တော်တို့ကို စောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောညာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်သတည်း။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);

၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀ (Mark 10:17-27);

၁၇ လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက် သော်၊
၁၈ ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။
၁၉ သင်သည် ပညတ်တော်တို့ကိုသိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကိုမတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊
၂၀ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊
၂၁ ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်တခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့်သွားလေ၏။
၂၃ ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည် သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။
၂၄ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် မိန်းမောတွေဝေ ခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါ့သားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။
၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။
၂၆ ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင်အဘယ်သူသည် ကယ်တင်တော်မူခြင်း သို့ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။ 
၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည်ရှု၍၊ ဤအမှုကို လူမတတ် နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော် မူသည်ဟု မိန့်တော်မူ၏။