Saturday, 1 August 2015

1-AUGUST-2015-(READING)

Sat the 1st:        Memorial of Alphonsus Liguori, bishop and doctor.
Lev 25:1-17; Ps 67:1-8; Matt 5:10; Matt 14:1-12

ဝတ်ပြုရာကျမ်း အခန်းကြီး ၂၅ (Lev 25:1-17);

၁ တဖန် သိနာတောင်ပေါ်မှာ၊ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုး သားတို့အား ဆင့်ဆိုရမည်မှာ၊
၂ သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ ထိုပြည်သည်ထာဝရ ဘုရားအဘို့ ဥပုသ် စောင့်ရမည်။
၃ ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုသုတ်သင်၍ အသီးကိုသိမ်းလျက်နေရမည်။
၎ သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ်၊ တပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ။ စပျစ်ဥယျာဉ်ကိုမသုတ်သင်ရ။
၅ လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။
၆ ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသောအရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ကျွန်၊ ကျွန်မ၊ သူမ၊ ဧည့်သည်စားစရာ၊ သင်၏ပြည်၌ရှိသော သားယဉ်သားရဲ စားစရာဖြစ်ရမည်။
၇ ဥပုသ်နှစ်ခုနစ်နှစ်ကိုရေတွက်၍၊ ခုနစ်နှစ်ခုနစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ၊
၈ သတ္တမလ ဆယ်ရက်နေ့၊ အပြစ်ဖြေခြင်းပြုရာနေ့၌၊ ယုဘိလတံပိုးကို တပြည်လုံးမှုတ်စေရမည်။
၉ ငါးဆယ်မြောက်သော နှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။
၁၀ ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုအပေါက်သောအပင်ကိုမျှ မရိတ်ရ။  မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။
၁၁ ယုဘိလနှစ်သည် သန့်ရှင်းသောနှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော
၁၂ အသီးအနှံကိုသာစားရမည်။
၁၃ ယုဘိလနှစ်တွင် လူတိုင်းမိမိပိုင်သောမြေသို့ပြန်ရမည်။
၁၄ သင်တို့သည် အချင်းချင်း ရောင်းဝယ်မှုကိုပြုလျှင်၊ တယောက်ကို တယောက်မညှဉ်းဆဲရ။
၁၅ ယုဘိလနှစ်လွန်၍ လိုသောသောနှစ်ပေါင်း အသီးအနှံသီးလတံ့သောနှစ်ပေါင်းကို ရေတွက်၍ ရောင်းဝယ်မှုကိုပြုရမည်။
၁၆ ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်းအနည်းအများ အလိုက် အဘိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။
၁၇ သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

ဆာလံကျမ်း အခန်းကြီး ၆၇ (Ps 67:1-8);

၁ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ကောင်းကြီးပေး၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော၊၊
၂ ထိုသို့သော အားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကိုသိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ခံရကြပါစေ သော၊၊
၃ အိုဘုရားသခင်၊ လူများ တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
၎ လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြ ပါစေသော၊၊ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍ မြေကြီးပေါ်မှာရှိသော  လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်၊၊
၅ အိုဘုရားသခင် လူများတို့သည် ကိုယ်တော်ကိ ချီးမွမ်းကြပါစေသော၊၊ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော၊၊
၆ မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေး တော်မူ၏၊၊
၇ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည်၊၊ မြေကြီးစွန်း အပေါင်းတို့သည်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:10);

၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၄(Matt 14:1-12);

၁ ထိုအခါစော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊
၂ ဤသူကား ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်။ သေခြင်းမှထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကိုပြနိုင်သည်ဟု မိမိငယ်သားတို့အားဆို၏။
၃ အထက်က ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။
၎ အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
၅ ယောဟန်ကိုသတ်ခြင်းငှါ အလိုရှိသော်လည်း လူအပေါင်းတို့၏မျက်နှာကိုထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြသတည်း။
၆ ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊
၇ ငါသည်သင်တောင်းသမျှကိုပေးမည်ဟုကျိန်ဆို လေ၏။
၈ ထိုမိန်းမငယ်သည် သူ၏အမိတိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာ ယောဟန်၏ ဦးခေါင်းကိုဤလင်ပန်း၌ပေးတော်မူပါဟု တောင်းလျှောက်၏။
၉ မင်းကြီးသည်ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း ထောက်သောကြောင့် ပေးစေဟုအမိန့်တော်ရှိ လျက်၊
၁၀ လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကိုထောင်ထဲမှာ ဖြတ်စေ၏။
၁၁ ဦးခေါင်းကိုလင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်းမိမိအမိထံသို့ယူသွား၏။ 
၁၂ ယောဟန်၏တပည့်တို့သည်လည်း လာ၍အလောင်းကိုဆောင်သွားသဖြင့်သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော်သို့သွား၍ ကြားလျှောက်ကြ၏။