Sun the 30th: Psalter II, Ordinary Time Week 22.
Deut 4:1-8; Ps 15:1-5; Jas 1:17-27; James 1:18; Mark 7:1-23
တရားဟောရာကျမ်း အခန်းကြီး ၄ (Deut 4:1-8);
၁ အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
၂ ငါမှာထားသောစကား၌ သင်တို့သည်အသစ် မသွင်းရ။ အလျှင်း မနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက် ရကြမည်။
၃ ထာဝရဘုရားသည် ဗာလပေဂုရကြောင့်ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူ အပေါင်းတို့ကို သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။
၎ သင်တို့ ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသော သင်တို့မူကား၊ ယနေ့တိုင် အောင် အသက်ရှင်ရကြ၏။
၅ သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဘို့၊ ငါ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက် တို့ကို သင်တို့အား ငါသွန်သင်ပြီ။
၆ သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရား ရှိသမျှတို့ကိုကြားရသော လူမျိုးများရှေ့မှာ၊ သင်တို့၏ ဥာဏ်ပညာသည်ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ် သောလူမျိုးသည် အကယ်စင်စစ် ဥာဏ်ပညာနှင့်ပြည့်စုံသော အမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။
၇ ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရားကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီးခံရသနည်း။
၈ ငါသည်ယနေ့သင်တို့၌ ထားသော တရားအပေါင်းနှင့် အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိသနည်း။
ဆာလံကျမ်း အခန်းကြီး ၁၅ (Ps 15:1-5);
၁ အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
၂ ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော
၃ သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော
၎ ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊
၅ ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁ (Jas 1:17-27);
၁၇ ထိုအဘသည် ရွေ့လျော့ တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
၁၈ နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကိုဖြစ်ဘွား စေတော်မူ၏။
၁၉ သို့ဖြစ်၍၊ ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည်နားကြားခြင်းငှါလျင်မြန်ကြစေ။ စကားပြော ခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
၂၀ လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။
၂၁ ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညှုးခြင်း၊ မနာလိုသောစိတ်လွန်ကျူး ခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ် ကိုကယ်တင်နိုင်သော၊ အထဲ၌စိုက်ပျိုးသော နှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သောစိတ်နှင့် ခံယူကြလော့။
၂၂ ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သော သူဖြစ်ကြလော့။
၂၃ တရားကိုမကျင့်ဘဲနာရုံမျှသာပြုသောသူမည် သည်ကား၊ မှန်၌မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။
၂၄ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကိုချက်ခြင်း မေ့လျော့တတ်၏။
၂၅ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သော တရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့် သောသူဖြစ်သဖြင့်၊ မိမိကျင့်သော အကျင့် ၌မင်္ဂလာရှိသော သူဖြစ်၏။
၂၆ သင်တို့တွင် အကြင်သူသည် သီလဆောက်တည်ဟန်ပြုသော်လည်း၊ မိမိနှုတ်ကိုမချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည်အချည်းနှီးသက်သက်ဖြစ်၏။
၂၇ ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်း ပေတည်း။
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၁ (James 1:18);
၁၈ နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသော အသီးကဲ့သို့ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကိုဖြစ်ဘွား စေတော်မူ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၇ (Mark 7:1-23);
၁ ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စုဝေး၍၊
၂ တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ၏။
၃ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသောနည်းဥပဒေသကို ခံယူသောဖာရိရှဲမှစ၍ ယုဒလူအပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကိုစားလေ့မရှိ။
၎ ဈေးမှပြန်လာသော အခါ၌လည်း ဆေးခြင်း မပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ကျင့်လေ့ရှိ၏။
၅ ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့်ညစ်ညူးသော လက်နှင့်အစာစားကြပါသနည်းဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
၆ ဟေရှယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
၇ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍နည်းဥပဒေသပေးလျက်ပင်၊ ငါ့ကိုအချည်းအနှီး ကိုးကွယ်ကြ၏ဟု၊ နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။
၈ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသော နည်းဥပဒေသကို ကိုခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။
၉ သင်တို့သည် အဆက်ဆက်ခံ သောနည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။
၁၀ မောရှေ၏ ပညတ်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကိုခံစေဟု လာသတည်း။
၁၁ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို သင်တို့ အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏၊
၁၂ ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊
၁၃ မိမိတို့အဆက်ဆက်ခံသောနည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
၁၄ ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည် ကြလော့။
၁၅ လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သောအရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သော အရာသည် လူကိုညစ်ညူးစေသောအရာဖြစ်၏။
၁၆ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
၁၇ လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။
၁၈ ကိုယ်တော်ကလည်း၊ သင်တို့သည်ဤမျှလောက်ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်း သို့ဝင်သမျှသည် နှလုံးထဲသို့မဝင်။
၁၉ ၀မ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွား သောကြောင့်၊ လူကိုမညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။
၂၀ လူအတွင်းမှ ထွက်သော အရာမူကား၊ လူကိုညစ်ညူးစေသောအရာဖြစ်၏။
၂၁ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊
၂၂ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊
၂၃ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။