Wednesday, 19 August 2015

19-AUGUST-2015-(READING)

Wed the 19th:        Optional memorial of John Eudes, priest.
Judg 9:6-15; Ps 21:1-7; Heb 4:12; Matt 20:1-16

တရားသူကြီးမှတ်စာ အခန်းကြီး ၉ (Judg 9:6-15);

၆ ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသောအထိန်းအမှတ် သပိတ်ပင်အနားမှာ စည်းဝေး၍၊ အဘိမလက်ကိုရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။
၇ ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့သွား၍၊ တောင်ပေါ်မှာရပ်လျက် အသံကို လွှင့်၍ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင်နားထောင် တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။
၈ သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကိုခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ၊ ထွက်သွား၍ အကျွန်ုပ်တို့ကိုအုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊
၉ သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကိုပြုစုစရာ၊ ငါ့အဆီအပြားကို ငါသည်စွန့်၍၊ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။
၁၀ တဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊
၁၁ သင်္ဘောသဖန်းပင်က၊ ငါ၌ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွမ်းမိုးရမည်လောဟု ဆို၏။
၁၂ တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊
၁၃ စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့အပေါ်မှာ လွမ်းမိုးရမည်လောဟု ဆို၏။
၁၄ တဖန်ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊
၁၅ ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ၊ ခန့်ထား၍၊ ဧကန်အမှန်ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ် ကိုခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲကမီးထွက်၍ လေဗနုန်အာရဇ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။

ဆာလံကျမ်း အခန်းကြီး ၂၁ (Ps 21:1-7);

၁ အိုထာဝရဘုရား မင်းကြီးသည် ကိုယ်တော်၏အစွမ်း သတ္တိကြောင့် ဝမ်းမြောက်၍ ကယ်တင်တော်မူခြင်း အားဖြင့် အလွန်ရွှင်လန်းပါ၏၊၊
၂ သူ၏ နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ၊၊ သူ၏ စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ၊၊
၃ ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ၊၊ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။
၎ သူသည်အသက်ကို ဆုတောင်း၍ ကိုယ်တော်သည် အသက်မက၊ထာဝရအသက်ကို ပေးသနား တော်မူပြီ၊၊
၅ ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်းကြီး၍ လက်တော်မှ ဂုဏ်အသေရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏၊၊
၆ ကိုယ်တော်သည် သူ့ကို ထာဝရ မင်္ဂလာ အရာ၌ ခန့်ထား၍ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက် စေတော်မူ၏၊၊
၇ အကြောင်းမူကား မင်းကြီးသည် ထာဝရဘုရားကို ကိုးစား၍ အမြင့်ဆုံးသော ဘုရား၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ၏၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၀(Matt 20:1-16);

၁ ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကိုလုပ်ဆောင်သောသူတို့ ငှါးခြင်းငှါ နံနက်စောစော ထွက်သွားသော အိမ်ရှင်နှင့်တူ၏။
၂ ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူ တို့နှင့် ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့ စေလွှတ်လေ၏။
၃ နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည်ကိုမြင်၍၊
၎ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ၊ တော်လျော်စွာ ငါပေးမည်ဟု ဆိုလျှင် ထိုသူတို့သည်သွားကြ၏။
၅ တဖန် နှစ်ချက်တီးအချိန်၊ တဖန်သုံးချက်တီးအချိန်၌ ထွက်၍ ရှေ့နည်းအတူ ပြုလေ၏။
၆ ဆယ်တနာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကိုတွေ့၍၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌အဘယ်ကြောင့် နေကြသနည်းဟုမေးသော်၊
၇ ထိုသူတို့က၊ ကျွန်တော်တို့ကို အဘယ်သူမျှမငှါးပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ၊ တော်လျော် စွာရကြလိမ့်မည်ဟု ဆိုလေ၏။
၈ ညအချိန်ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က၊ လုပ်ဆောင်သောသူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော  သူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကို မှာလိုက်လေ၏။
၉ ထိုကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည် လာ၍ဒေနာရိတပြားစီ ခံကြ၏။
၁၀ အရင်ဝင်သောသူတို့သည် လာကြ သောအခါ ငါတို့သည် သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတပြားစီခံရကြ၏။
၁၁ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍၊
၁၂ နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း တနေ့လုံးအမှု ဝန်ကိုထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့် အညီအမျှကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။
၁၃ အိမ်ရှင်ကလည်း အဆွေ၊ သင်၌မတရားသောအမှုကို ငါမပြု၊ ဒေနာရိတပြားကို အမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည် မဟုတ်လော။
၁၄ သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလို ရှိ၏။
၁၅ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှ မပြုရာသလော၊ ငါ့သဘောကောင်းသောကြောင့် သင်သည်မျက်မုန်း ကြိုးရသလောဟု ဆို၏။
၁၆ ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက် တော်မူသော သူနည်းသည် ဟု မိန့်တော်မူ၏။