Monday, 10 August 2015

10-AUGUST-2015-(READING)

Mon the 10th:        Feast of Lawrence, deacon and martyr.
Deut 10:12-22; Ps 147:12-20; 2 Thess 2:14; Matt 17:22-27

တရားဟောရာကျမ်း အခန်းကြီး ၁၀ (Deut 10:12-22);

၁၂ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊
၁၃ သင်၏အကျိုးကို ထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်း အမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။
၁၄ မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကိုင်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကိုင်း၊ သင်၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။
၁၅ သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသော သင့်ကို၊ အခြားသောလူမျိုး တကာတို့တွင် ရွေးကောက်တော်မူ၏။
၁၆ သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန်ခိုင်မာ သောလည်ပင်းမရှိစေနှင့်။
၁၇ အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့် ပြည့်စုံ၍ ကြောက်မက်ဘွယ် သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊
၁၈ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။
၁၉ သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။
၂၀ သင်၏ဘုရားသည်ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
၂၁ ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည်ကိုယ့်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမှုအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
၂၂ သင်၏ ဘိုးဘေးတို့သည် အရေအတွက် အားဖြင့် လူခုနှစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့် အမျှသင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။

ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20);

၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊ ဟာလေလုယ။

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);

၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇ (Matt 17:22-27);

၂၂ ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကိုလူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ။
၂၃ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်းအလွန်ဝမ်းနည်းခြင်းရှိကြ၏၊
၂၄ ကပေရနောင်မြို့သို့ရောက်သောအခါ၊  ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသော သူတို့သည် ပေတရု ဆီသို့လာ၍သင်၏ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟုပေတရုဆို၏။
၂၅ ပေတရု သည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည်တင်ကူး၍အချင်းရှိမုန်၊ သင်သည်အဘယ်သို့ထင်သနည်း။ လောကီရှင် ဘုရင်တို‹သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတပါးမှာခံကြသလော၊ ဟုမေး တော်မူလျှင်၊
၂၆ ပေတရုက၊ သူတပါးမှာခံကြပါဟု လျှောက်သော်၊ ယေရှုကလည်းသို့ဖြစ်လျှင်သားမူကား လွတ်ရ၏။ သို့သော်လည်းထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ငါးမျှားကိုချလော့။
၂၇ ရှေ့ဦးစွာ ရသောငါးကိုယူ၍ ပစပ်ကိုဖွင့်လျှင်၊ သတာတဲတပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဘို့နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟုမိန့်တော်မူ၏။