Friday, 13 April 2018

13-APR-2018 (READING -EST2-YB-C2)

Fri the 13th:     Optional memorial of Martin I, pope and martyr.
Acts 5:34-42; Ps 27:1-14; Matt 4:4; John 6:1-15

တမန်တော်ဝတ္ထု အခန်းကြီး ၅ (Acts 5:34-42);

၃၄ ထိုအခါ လူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်း ဆရာ၊ ဖာရိရှဲတယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊
၃၅ ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။
၃၆ အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသောသူတယောက်သည် ထသဖြင့် ငါသည်လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌လူလေးရာမျှ လောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်ဆီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြားပျောက်ပျက်ကြ၏။
၃၇ ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုအမည်ရှိသော ဂါလိလဲလူ တယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်ဆီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှ သောသူတို့သည် ပျောက်လွင့်ကြ၏။
၃၈ ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။
၃၉ ဘုရားသခင်၏ အကြံအမှုဖြစ် လျှင် သင်တို့သည်မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။
၄၀ ထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။
၄၁ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။
၄၂ ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ်ဆုံးမ သွန်သင်လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိ တရားကို မပြတ်ဟောပြောလျက်နေကြ၏။

ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:1-14);

၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊
၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ (Matt 4:4);

၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:1-15);

၁ ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။
၂ အနာရောဂါ စွဲသော သူတို့၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက်ကြ၏။
၃ ယေရှုသည် တောင်ပေါ်သို့တက်ကြွ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ၏။
၎ ထိုအခါ ယုဒလူတို့၏ ပသခါပွဲခံချိန်ရောက်လုနီးသတည်း။
၅ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့ လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်းဟု မေးတော်မူ၏။
၆ ထိုသို့မေး တော်မူသော်၊ မိမိ အဘယ်သို့ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကို စုံစမ်းခြင်းငှါသာ မေးတော်မူ၏။
၇ ဖိလိပ္ဂုကလည်း ဤသူတို့သည် မုန့်တဖဲ့စီ စေ့ငှအောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သော မုန့်မလောက် ပါဟု လျှောက်လေ၏။
၈ ရှိမုန်ပေတရု၏ညီ အနြေ္ဒအမည်ရှိသော တပည့်တော်က၊
၉ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက် ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသော လူတို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာရှိပါသနည်းဟု လျှောက်၏။
၁၀ ယေရှုကလည်း၊ လူများတို့ကို လျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက် ရှိသည်ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သောလူတို့သည် လျောင်းကြ၏။
၁၁ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသော သူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှ ဝေငှကြ၏။
၁၂ ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က ဘာမျှမပျောက်စေခြင်းငှါ ကျန်ကြွင်းသောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊
၁၃ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့်ငါးလုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။
၁၄ ထိုသို့ယေရှုပြ တော်မူသော နိမိတ်လက္ခဏာကို ထိုလူ များတို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ကြွလာရသော ပရောဖက်အမှန် ဖြစ်သည်ဟု ဆိုကြ၏။
၁၅ ထိုသူတို့ သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ မြှောက်ခြင်းငှါ လာ၍အနိုင် အထက်ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင်၊ တောင်ပေါ်သို့ တယောက်တည်း ကြွတော်မူ ပြန်၏။