Monday, 2 April 2018

2-APR-2018 (READING -EST1-YB-C2)

Mon the 2nd: (Optional memorial of Francis of Paola, hermit.)
Acts 2:14-33; Ps 16:1-11; Ps 118:24; Matt 28:8-15

တမန်တော်ဝတ္ထု အခန်းကြီး ၂ (Acts 2:14-33);

၁၄ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည် ထလျှက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့်ဟောပြောသည်ကား၊ ယေရှုရှလင်မြို့သားနှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာ ကိုသိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။
၁၅ ယခုအချိန်ကား နံနက်တချက်တီးအချိန်သာရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင် ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။
၁၆ ဤအရာကား ပရောဖက် ယောလ ဟောဘူးသောအရာဖြစ်သတည်း။
၁၇ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ကြရလိမ့်မည်။ အသက်ကြီးသောသူတို့ သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ကြရလိမ့်မည်။
၁၈ ထိုကာလ၌လည်း ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
၁၉ အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ် မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။
၂၀ ထာဝရဘုရား၏ ထူးမြတ်သော နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
၂၁ ထိုအခါ ထာဝရ ဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့ဟု ဘုရားဗျာဒိတ်တော် ရှိ၏။
၂၂ ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍
၂၃ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော် အားဖြင့်င်း၊ အနာဂတံသ ဥာဏ်တော်အားဖြင့်င်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ကွပ်မျက်ကြပြီ။
၂၄ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကိုဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။
၂၅ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည်ထာဝရဘုရားကို အစဉ်အပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည် ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။
၂၆ ထိုကြောင့်ငါ့ စိတ်နှလုံးသည်သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်းရွှင်လန်းခြင်းရှိ၏။ ထိုမှတပါးငါ့အသားသည်မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
၂၇ အကြောင်း မူကား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ဝိညာဉ်ကိုမရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွန်တော်မူလိမ့်မည်။
၂၈ မျက်နှာ တော်ကို ဖူးမြင်ရသောအားဖြင့်ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မ်ဟု ဒါဝိဒ်ဆိုသတည်း။
၂၉ ညီအစ်ကိုတို့၊ အမျိုး၏ အဘဖြစ်သောဒါဝိဒ်၏ အကြောင်းကိုငါသည်သင်တို့အားအတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည်သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင်ငါတို့၌ရှိ၏။
၃၀ ထိုသူသည်မိမိအမျိုးအနွှယ် ထဲကလူဇာတိအားဖြင့် ခရစ်တော်ကိုဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဥာဏ်အားဖြင့်သိ၍၊
၃၁ ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏ စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ အသားသည်လည်းပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ၏။
၃၂ ထိုယေရှုကိုဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
၃၃ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့်၊ ထိုသခင်သည်ဂတိတော် နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍သင်တို့သိမြင်ကြားရသော အရာကိုညွန်း လောင်းတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၆ (Ps 16:1-11);

၁ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊
၂ ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊
၃ ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊
၎ အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊
၅ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊
၆ ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
၇ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊
၈ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊
၁၀ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်
၁၁ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:24);

၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊



ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈ (Matt 28:8-15);

၈ ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်၎င်း၊ အလွန်ဝမ်း မြောက်သဖြင့်၎င်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသိတင်းစကား ကိုကြားပြောခြင်းငှါ ပြေးကြ၏။
၉ လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ၏။
၁၀ ယေရှုကလည်း ကြောက်ရွံ့ခြင်း မရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့သွားစေခြင်းငှါ ဤသိတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၁ ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ ဖြစ်လေသမျှသော အခြင်းအရာ တို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။
၁၂ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများကိုပေး၍၊
၁၃ ညဥ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏တပည့်တို့သည် လာ၍အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြ လော့။
၁၄ ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍ သင်တို့၌အမှုမရှိစေခြင်းငှါ ပြုမည်ဟု၊
၁၅ သွန်သင်သည်နှင့်အညီ၊ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင်ယုဒလူတို့သည် အနှံ့အပြားပြောဆိုကြ၏။