Sunday, 22 April 2018

22-APR-2018 (READING -EST4-YB-C2)

Sun the 22nd: Psalter IV, Easter Week 4.
Acts 4:8-12; Ps 118:1-29; 1 John 3:1-2; John 10:11-18

တမန်တော်ဝတ္ထု အခန်းကြီး ၄ (Acts 4:8-12);

၈ ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများကိုအစိုးရသော မင်းတို့နှင့် ဣသရေလအမျိုး အကြီးအကဲတို့၊
၉ အင်္ဂါချို့တဲ့သောသူတို့ ကျေးဇူးပြု၍၊ သူသည်အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊
၁၀ သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျမ်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလူအပေါင်းတို့ သိမှတ်ကြလော့။
၁၁ ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။
၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:1-29);

၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
၂ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
၃ ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
၎ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
၆ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
၇ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
၈ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
၉ ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊ 
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ 
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြ‡င့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
၂၂ တိုက်ကို တည်လုပ်သောသူများကိုပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏၊၊
၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဘွယ်ဖြစ်၏၊၊
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
၂၅ အိုထာဝရ ဘုရား ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏၊၊ အိုထာဝရဘုရား ကောင်းကြီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန် ပါ၏၊၊
၂၆ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း၊၊ ထာဝရဘုရား၏ အိမ်တော်ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီးပေးပါ၏၊၊
၂၇ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍ ငါတို့၌ ရောင်ခြည် တော် ကို လွှတ်တော်မူ၏၊၊ ယဇ်တင်ရန်အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့်ချည်ကြလော့၊၊
၂၈ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၍ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၍ ကိုယ်တော်ကို မြှောက်ပါမည်၊၊ 
၂၉ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့၊၊

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 John 3:1-2);

၁ ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင် ကို မသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။
၂ ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည်ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့။





ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:11-18);

၁၁ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။
၁၂ သိုးများကို ပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာ သည်ကို မြင်လျှင်၊ သိုးတို့ကိုပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကိုလုယက်၍ ကွဲလွင့်စေ၏။
၁၃ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
၁၄ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
၁၅ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
၁၆ ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
၁၇ ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။
၁၈ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရ သောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။