Mon the 17th: Num 24:1-17; Ps 25:4-9; Matt 21:23-27
Gen 49:1-10; Ps 72:1-17; Matt 1:1-17
တောလည်ရာကျမ်း အခန်းကြီး ၂၄(Num 24:1-17);
၁ ထာဝရဘုရားသည်၊ ဣသရေလအမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ်သိ မြင်လျှင်၊ ထူးဆန်းသောအတတ်ကို ရှာခြင်းငှါ အရင်သွားသကဲ့သို့ မသွားဘဲ၊ တောသို့ မျက်နှာပြုလေ၏။
၂ သို့ရာတွင်၊ မျှော်ကြည့်၍ ဣသရေလအမျိုးသား တို့သည် အမျိုးအနွှယ်အလိုက် အသီးအသီးတပ်ချလျက် နေကြသည်ကို မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင်၊
၃ သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသားဗာလမ်၏စကား၊
၎ ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏စကား ဟူမူကား၊
၅ အိုယာကုပ် အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလ အမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ်ကြ သည်တကား။
၆ ကျယ်ဝန်း သောချိုင့်များ၊ မြစ်နားမှာရှိသော ဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသော အကျော်ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊
၇ ထိုအမျိုး၏ ရေပုံးတို့မှ ရေစီး လိမ့်မည်။ ရေပေါသောအရပ်၌ မျိုးစေ့ကျလိမ့်မည်။ သူ၏ရှင်ဘုရားသည် အာဂတ်မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် မြှောက်သောနိုင်ငံ ဖြစ်လိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:4-9);
၎ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။
၅ ကိုယ်တော်၏ သမ္မာ တရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ၊၊ အကြောင်းမူကားကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင် ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို အစဉ်မြော်လင့်လျက်နေပါ၏၊၊
၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ (Matt 21:23-27);
၂၃ ဗိမာန်တော်သို့ဝင်ပြန်၍ ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲ ဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ် အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကိုအဘယ်သူပေးသနည်းဟုမေးလျှောက်ကြသော်၊
၂၄ ယေရှုက၊ ငါသည်တစုံတခုကိုမေး ဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကိုအဘယ်ခွင့်နှင့် ငါပြုသည်ကိုငါပြောမည်။
၂၅ ယောဟန်၏ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလော ဟုမေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ဘုရားကဖြစ်သည်ဟုငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
၂၆ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြ၏၊ ဟုအချင်းချင်းဆင်ခြင်ပြီးမှ၊
၂၇ အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့်ငါ့ပြုသည်ကိုငါမပြော။
:Gen 49:1-10; Ps 72:1-17; Matt 1:1-17
(Gen 49:1-10); ကမ္ဘာဦးကျမ်း အခန်းကြီး ၄၉
၁ ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကိုခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။
၂ ယာကုပ်၏သားတို့၊ စည်းဝေး၍ကြား ကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
၃ အိုရုဗင်၊ သင်သည်ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းအထွဋိ၊ တန်ခိုးအထွဋိဖြစ်၏။
၎ သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိမ်ယာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား။
၅ ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
၆ ငါ့ဝိညာဉ် သည် သူတို့လျှို့ဝှက်ခြင်းအမှုထဲသို့ မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။
၇ သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်း စွာသော ဒေါသသည် ကျန်ခြင်းကိုခံပါစေသော။ ယာကုပ်အမျိုး၊ ဣသရေလ အနွှယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပျံ့လွင့်စေမည်။
၈ အိုယုဒ၊ သင်သည် ညီအစ်ကိုတို့ချီးမွမ်းရသောသူ ဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူ လည်ပင်း ပေါ်မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
၉ ယုဒသည် ခြင်္သေ့ပျိုဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာခဲ့၏။ ဝပ်လျက်နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း၊ ဝပ်တွားတတ်၏။ အဘယ်သူနိုးဆော်ဝံ့မည်နည်း။
၁၀ ရှိလောမရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ ၎င်း၊ မင်းအာဏာသည် သူ၏အမျိုးအနွှယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၇၂ (Ps 72:1-17)
၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။
၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။
၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။
၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။
၉ တောတွင်းသား တို့သည်ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
၁၀ တာရှုမင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏာများကို ဆက်ကြလိမ့်မည်။
၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်တို့ကို ထမ်းကြလိမ့်မည်။
၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ၊ အော်ဟစ်သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
၁၃ ဆင်း ရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
၁၄ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှင်းဆဲခြင်း၏လက်မှ ရွေးနှုတ်၍ ၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။
၁၅ အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေကိုဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာချီးမွမ်းခြင်တို့ကို ပြုကြလိမ့်မည်။
၁၆ ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့ သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့် မည်။
၁၇ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေသည်တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွါးလိမ့် မည်။ကျေးဇူးတော် အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၍၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့် မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁(Matt 1:1-17)
၁ အာဗြဟံနှင့် ဒါဝိဒ်တို့မှ ဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
၂ အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ညီနောင်တစု။
၃ ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သောသား ဖာရက်နှင့် ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
၎ အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။
၅ စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင် မြင်သောသားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား သြဗက်။ သြဗက်သား ယေရှဲ။ ယေရှဲသားဒါဝိဒ်မင်းကြီးတည်း။
၆ ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသောမိန်းမတွင်မြင်သောသား ရှောလမုန်။
၇ ရှောလမုန် သား ရောဗောင်။ ရောဗောင်သားအဘိယ။ အဘိယသားအာသ။
၈ အာသသားယောရှဖတ်။ ယောရှက်ဖတ် သား ယဟောရံ။ ယဟောရံသားသြဇိ။
၉ သြဇိသားယောသံ။ ယောသံသားအာခတ်။ အာခတ်သားဟေဇကိ။
၁၀ ဟေဇကိ သားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။
၁၁ ယောရှိသားယောယကိမ်။ ယောယကိမ်သည်ဗာဗုလုန် မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ညီနောင်တစုတည်း။
၁၂ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။
၁၃ ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။
၁၄ အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။
၁၅ ဧလုပ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။
၁၆ ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သုမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
၁၇ ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကာ၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့နေရာပြောင်းသည့်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ပြောင်း ပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။