Friday, 28 December 2018

28-DEC-2018 (READING -ADV-4-YC-C1)

Fri the 28th:     Feast of Holy Innocents, martyrs.
1 John 1:5-2:2; Ps 124:1-8; Matt 2:13-18

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 John 1:5-2:2);

၅ ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည် ကြားရ၍၊ သင်တို့အားပြသသော တရားစကားဟူမူကား၊ ဘုရား သခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
၆ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်၊ မုသာကိုသုံးသော သူဖြစ်ကြ၏။
၇ ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြော တော်မူ၏။
၈ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြား ကြ၏။ ငါတို့၌သစ္စာတရားမရှိ။
၉ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
၁၀ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။
၁ ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ပေး လိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်း ဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။
၂ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၂၄ (Ps 124:1-8);

၁ ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်ဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုး ဆိုရသော စကားဟူမူကား၊
၂ ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်၊လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
၃ အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
၎ ထိုအခါငါတို့ကို ရေသည်၊ လွှမ်းမိုး၍စီးသောရေသည် ငါတို့အသက်ဝိညာဉ်ပေါ်မှာ ကျော်သွားပြီ တကား။
၅ စော်ကားသောရေတို့သည် ငါတို့အသက်ဝိညာဉ်ပေါ်မှာ ကျော်သွားကြပြီတကား။
၆ သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကိုအပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။
၇ ငှက်သည်မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ်သကဲ့သို့၊ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်းပြတ်၍ ငါတို့သည် လွတ်ကြပြီ။
၈ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည်မစခြင်း ကျေးဇူးကို ခံရကြသတည်း။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂ (Matt 2:13-18);

၁၃ ထိုသူတို့သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှါရှာလိမ့်မည် ဟုဆိုလေ၏။
၁၄ ထိုအခါယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညဥ့်အချိန်၌ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ထွက်သွား၍၊
၁၅ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင်ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား  ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည်ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံ မည်အကြောင်းတည်း။
၁၆ ထိုအခါဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကိုစေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသောကြယ်၏ အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှစသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်းတို့ကိုသတ်စေ၏။
၁၇ ပရောဖက်ယေရမိဟောဘူးသည်ကား၊
၁၈ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးမြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိ သောကြောင့် ငို၍စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျ သတည်း။
၁၉ ဟေရုဒ်မင်းကြီးအနိစ္စရောက်သည်နောက်၊ ယောသပ်သည်အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန် သည်မှာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍၊
၂၀ သင်ထလော့။ မယ်တော်နှင့်သူငယ် တော်ကိုဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွားလော့။ သူငယ်တော်ကိုသတ်အံ့သောငှါရှာသော သူတို့သည်သေကြပြီဟုဆိုလေ၏။