Saturday, 9 May 2015

9-MAY-2015-(READING)

Sat the 9th:    Acts 16:1-10; Ps 100:1-5; Col 3:1; John 15:18-21

တမန်တော်ဝတ္ထု အခန်းကြီး ၁၆(Acts 16:1-10);

၁ ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည် ရှိသော တပည့်တော်တစ်ယောက်ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသ လူဖြစ်၏။
၂ ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ ရှိသောညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။
၃ ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါ အလိုရှိ၍၊ သူ၏အဘသည် ဟေလေသလူဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်း တို့သည် သိသောကြောင့်၊ အရေးဖျားလှီးခြင်းကို သူ့အားပေးလေ၏။
၎ သူတို့သည် မြို့များကိုရှောက်သွား စဉ်တွင်၊ ယေရုရှလင်မြို့၌နေသော တမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာ အပ်ပေးကြ၏။
၅ ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တနေ့ထက်တနေ့တိုးပွါးများပြားကြ၏။
၆ ဖြုဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသောဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊
၇ မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့သွားမည်ပြုစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်၊ 
၈ မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ရောက်ကြ၏။
၉ ညဥ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတစ်ယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟု ရပ်လျက်တောင်းပန်၏။
၁၀ ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိ တရားကိုဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့ သွားခြင်းငှါ ချက်ခြင်းရှာကြံကြ၏။

ဆာလံကျမ်း အခန်းကြီး ၁၀၀ (Ps 100:1-5);

၁ မြေကြီးသားအပေါင်းတို့၊  ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။
၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
၃ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။
၎ ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။  ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော် သည် ကာလအဆက်ဆက် တည်လေသတည်း။

ကောလောသဲသြဝါဒစာ အခန်းကြီး ၃ (Col 3:1);

၁ အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည်ခရစ်တော်နှင့် အတူထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:18-21);

၁၈ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကိုမမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
၁၉ သင်တို့သည် လောကီနှင့် ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။
၂၀ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကိုညဉ်းဆဲကြလိမ့်မည် ငါ့စကားကိုနား ထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။
၂၁ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှ တို့ကို ပြုကြလိမ့်မည်။