Fri the 4th: Col 1:15-20; Ps 100:1-5; John 8:12; Luke 5:33-39
ကောလောသဲသြဝါဒစာ အခန်းကြီး ၁ (Col 1:15-20);
၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။
၁၇ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
၁၈ အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်းတော် ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏။
၁၉ အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊
၂၀ လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင် အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၀ (Ps 100:1-5);
၁ မြေကြီးသားအပေါင်းတို့၊ ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။
၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
၃ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။
၎ ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော် သည် ကာလအဆက်ဆက် တည်လေသတည်း။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:12);
၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ (Luke 5:33-39);
၃၃ လူအချို့တို့က၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသ နည်း ဟု လျှောက်ကြ၏။
၃၄ ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့ နှင့်အတူရှိစဉ်အခါ သူတို့ကိုအစာရှောင်စေနိုင်သလော။
၃၅ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွါ၍ ယူသွားသော အချိန်ကာလရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
၃၆ ဥပမာကား၊ အဝတ်ဟောင်း ကိုအထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့်မသင့်မတင့်တတ်။
၃၇ ၎င်းနည်း၊ ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။
၃၈ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။
၃၉ ဟောင်းသော စပျစ်ရည်ကို သောက်ပြီးသောသူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ်။ ဟောင်းသော စပျစ်ရည်သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။