Sat the 2nd: Optional memorial of Marcellinus and Peter, martyrs.
Jude 17, 20-25; Ps 63:2-6; Col 3:16-17; Mark 11:27-33
ရှင်ယုဒသြဝါဒစာ အခန်းကြီး ၁ (Jude 17, 20-25);
၁၇-၁၈ ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ယယ်ပြုတတ်သော သူတို့သည်ပေါ်ကြလိမ့်မည် ဟု ငါတို့သခင် ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့် သောစကားများကို အောက်မေ့ကြလော့။
၂၀ ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကိုတည် ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်းပဌနာပြုလျက်၊
၂၁ ဘုရားသခင်ကို ချစ်ခြင်း မေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက်၍၊ ထာဝရအသက်အလိုငှါ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍နေကြလော့။
၂၂ ပိုင်းခြား၍သိတတ်သော ဥာဏ်ရှိ၍၊ အချို့တို့ကိုသနား ကြလော့။
၂၃ ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင်စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့။
၂၄ ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်းသင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကိုဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသော သူတည်းဟူသော၊
၂၅ ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တဆူတည်းသော ဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။
ဆာလံကျမ်း အခန်းကြီး ၆၃ (Ps 63:2-6);
၂ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊
၃ ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊
၎ ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊
၅ အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
၆ အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။
ကောလောသဲသြဝါဒစာ အခန်းကြီး ၃ (Col 3:16-17);
၁၆ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့ သည်ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်း ကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
၁၇ စကားပြော သော်င်း၊ အမှုဆောင်ရွက်သော်င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှု တို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ (Mark 11:27-33);
၂၇ ယေရုရှလင်မြို့သို့တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊
၂၈ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုရသောအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
၂၉ ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။
၃၀ ယောဟန်၏ ဗတ္တိဇံ တရားသည် ဘုရားကဖြစ်သလော၊ လူကဖြစ်သလော။ ဤအမေးကိုဖြေကြလော့ဟု မိန့်တော်မူ၏။
၃၁ ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကိုအဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။ ၃၂ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊ ၃၃ အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။