Thursday, 14 June 2018

14-JUN-2018 (READING -ORD10-YB-C2)

Thu the 14th: 1 Kgs 18:41-46; Ps 65:10-13; John 13:34; Matt 5:20-26

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၈ (1 Kgs 18:41-46);

၄၁ ထိုနောက်မှဧလိယက၊ မင်းကြီးသည်စားသောက်ခြင်းငှါတက်သွားပါလော့။ များစွာသော မိုဃ်းရွာမည့် အသံရှိသည်ဟု အာဟပ်အားပြောဆိုလျှင်၊
၄၂ အာဟပ်သည်စားသောက်ခြင်းငှါတက်သွား၏။ ဧလိယသည်ကရမေ လတောင်ပေါ်သို့တက်၍၊ မြေ၌ပြပ်ဝပ်လျက်မျက်နှာကိုဒူးကြားမှာထားလျက်၊
၄၃ မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှု့လော့ဟုဆိုသည့်အတိုင်း၊ ကျွန်သည်တက်၍ကြည့်ရှု့လျှင်၊ အဘယ်အရာမျှမရှိပါဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ကြည့်ရှု့ဦးလော့ဟုဆို၏။
၄၄ ခုနှစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့်တူသောမိုဃ်းတိမ်ငယ် တခုသည်ပင်လယ်ထဲကတက်ပါ၏ဟု ဆိုသော်၊ အာဟပ်မင်းထံသို့သွားလော့။ မိုဃ်းရွာ၍ဆီးတားမည်ကိုစိုးရိမ် စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ပြန်သွားမည်အကြောင်းလျှောက်ထားလော့ဟု မှာလိုက်လေ၏။
၄၅ မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့်မည်း၍ပြင်းစွာမိုဃ်းရွာ၏။ အာဟပ်သည်ရထားစီး၍ ယေဇရေလမြို့သို့သွား၏။
၄၆ ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည်ခါးပန်းကိုစည်း လျက် အာဟပ်မင်း အရင်ယေဇရေမြို့တံခါးဝသို့ပြေးလေ၏။

ဆာလံကျမ်း အခန်းကြီး ၆၅ (Ps 65:10-13);

၁၀ မြေရိုးတို့ကို စိုစွတ်စေ၍ လယ်ပြင်ကိုတညီတည်းစီရင်ပြီးမှ မိုဃ်းရွာသောအားဖြင့် ပြောစေ၍ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏၊၊
၁၁ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏၊၊
၁၂ သာယာသောတောအရပ်တို့လည်းယို၍ တောင်တို့သည်လည်း ပိတိခါးစည်းနှင့်စည်း လျက် ရှိကြပါ၏၊၊
၁၃ ကျက်စားရာ အရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ၍ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ (John 13:34);

၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။ 

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:20-26);

၂၀ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။
၂၁ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ဟူသောရှေး ပညတ်စကား ကိုသင်တို့ကြားရပြီ။
၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သော သူသည် ရုံး၌အပြစ် စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကို ကိုကျိန်ဆဲသောသူသည်ဂေဟင်္နာအရပ်၌မီးရှို့ခြင်းကိုခံထိုက်ပေ၏။
၂၃ ထိုကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစုံတခုရှိသည်ဟု အောက်မေ့သတိ ရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
၂၄ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကို တင်လော့။
၂၅ တရားတွေ့ဘက်နှင့် အတူလမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကိုပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး၌အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
၂၆ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟုငါအမှန်ဆို၏။