2 Pet 3:12-18; Ps 90:2-16; Eph 1:17-18; Mark 12:13-17
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Pet 3:12-18);
၁၁-၁၂ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။
၁၃ ယခုရှိသမျှသော အရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။
၁၄ ထိုသို့မြော်လင့်ခြင်း ရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍အဘယ်အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ် ကြလော့။
၁၅ ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အားရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည်ဤအရာများကို ပြော၍စီရင်သော သြဝါဒစာရှိသမျှတို့၌၎င်း ပါသည်နှင့်အညီ၊ ငါတို့သခင်ဘုရားသည်း ခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။
၁၆ ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူ တို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကိုမှောက်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။
၁၇ သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသောသူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင် ရာသို့လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာများကိုသိနှင့် ပြီဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့။
၁၈ ကျေးဇူးတော်၌၄င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌၄င်း ကြီးပွါးကြလော့။ ထိုသခင်သည်ယခုမှစ၍ ထာဝရနေ့ရက် ကာလပတ်လုံး ဘုန်းအသရေရှိတော်မူစေသတည်း။ အာမင်။
ဆာလံကျမ်း အခန်းကြီး ၉၀ (Ps 90:2-16);
၂ တောင်များကို မဘော်၊ မြေကြီးနှင့်လောကဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။
၃ လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့ ပြန်ကြလော့ဟု မိန့်တော်မူ၏။
၎ ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီသော မနေ့ကဲ့သို့၎င်း၊ ညဥ့်ယံတယံကဲ့ သို့၎င်း ဖြစ်ပါ၏။
၅ လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည်မြက် ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
၆ နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏၊၊ ညဦးအချိန်၌ကား၊ ရိတ်၍ညိ‡ုးနွမ်းပါ၏။
၇ အမျက်တော် ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။
၈ အကျွန်ုပ်တို့ ၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထား သော အကျင့်များကို မျက်နှာတော်အလင်းထဲ၌ ၎င်း၊ လှန်ထားတော်မူ၏၊၊
၉ အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့ သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
၁၀ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်း သည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
၁၁ အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူကြောက်ရွံ့ ပါသနည်း။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက် ကာလကို ရေတွက်နိုင်ခြင်းငှာ သွန်သင်တော်မူပါ။
၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ၊
၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
၁၅ အကျွန်ုပ်တို့ကို ညှင်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီး သော နှစ်ပေါင်းများသည် အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကိုပေးသနား တော်မူပါ။
၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေသော။
ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:17-18);
၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂ (Mark 12:13-17);
၁၃ တဖန် စကားတော်ကိုချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။
၁၄ ထိုသူတို့သည် ချဉ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။
၁၅ အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏ လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့်စုံစမ်းနှောက်ရှက်ကြသနည်း။ ဒေနာရိ တပြားကို ငါကြည့်ဘို့ယူခဲ့ကြဟု မိန့်တော်မူ၍၊
၁၆ သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ ပုံလိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊
၁၇ ယေရှုကလည်း ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု ဟုမိန့်တော်မူသည်ကို သူတို့သည် အံ့သြခြင်းရှိကြ၏။