Fri the 3rd: Jer 26:1-9; Ps 69:5-14; 1 Pet 1:25; Matt 13:54-58
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၂၆ (Jer 26:1-9);
၁ ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်းထိုင်စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာ၍၊
၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှါ၊ ရောက်လာသော ယုဒမြို့သူရွာသား အပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည် သင်၌မှာထားသမျှသော စကားတို့ကို ဗိမာန်တော် တံတိုင်းထဲမှာ ရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။
၃ သူတို့သည် နားထောင်၍၊ အသီးအသီး မိမိတို့အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေးမည်ဟု ကြံစည်ခြင်းကို နောင်တရမည်။
၎ သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်းသို့ မလိုက်၊
၅ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွတ်သော ငါ၏ကျွန်ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊
၆ ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသောမြို့ ဖြစ်စေမည်ဟု မိန့်တော်မူ၏။
၇ ထိုစကားကို ဗိမာန်တော်၌ ယေရမိဟောပြောသည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ လူများအပေါင်းတို့သည် ကြားကြ၏။
၈ လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူ သမျှသော စကားတော်ကို အကုန်အစင်ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည်အသေသတ်ခြင်းကို အမှန်ခံရမည်။
၉ ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟု ပြောဆိုလျက်၊ လူများအပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။
ဆာလံကျမ်း အခန်းကြီး ၆၉ (Ps 69:5-14);
၅ အိုဘုရားသခင် အကျွန်ုပ်မိုက်ခြင်း အမှုကို ကိုယ်တော်သိတော်မူ၏၊၊ အကျွန်ုပ်၏ အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍မထားရပါ၊၊
၆ ကောင်းကင်ဗိုလ်ခြေ သခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်၊၊ ဣသရေလအမျိုး၏ ဘုရားသခင် ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ် အကြောင်းကြောင့် ရှက်ကြောက်ခြင်း မရောက်ကြပါစေနှင့်၊၊
၇ ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်း ကိုခံရပါ၏၊၊ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။
၈ ကိုယ်ညီအစ်ကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ၊၊ တမိတည်းသော ပေါက်ဘော်တို့တွင် တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ၊၊
၉ ကိုယ်တော် ၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏၊၊ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကား သည် အကျွန်ုပ် အပေါ်သို့ ရောက်ပါ၏၊၊
၁၀ အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သောအကျင့် ကြောင့်ပင် ကဲ့ရဲ့ခြင်း ကို ခံရပါ၏၊၊
၁၁ လျှော်တေ အဝတ်ကို ဝတ်သောအခါ သူတို့သည် သရော်တတ်ကြပါ၏။
၁၂ ရုံး၌ ထိုင်သော သူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍ သေသောက်ကြူးတို့သည် အကျွန်ုပ်ကိုအကြောင်းပြု လျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏၊
၁၃ အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏၊၊ အိုဘုရားသခင်၊ ဂရုဏာတော်ကြွယ်ဝသည်နှင့်အညီ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။
၁၄ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နူတ်တော်မူပါ၊၊ နစ်စေတော်မမူပါနှင့်၊၊ အကျွန်ုပ်ကို မုန်းသော သူတို့လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော၊၊
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:25);
၂၅ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည် သင်တို့အားဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:54-58);
၅၄ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ ဆုံးမသြဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင်၊့ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။
၅၅ သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကားမာရိအမည်ရှိသည်မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည်မဟုတ်လော။
၅၆ သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါး နေကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည်ဤအရာများကိုအဘယ်မှာရသနည်းဟု ပြောဆိုလျက်၊
၅၇ စေတနာစိတ်ပျက်ကြ၏။ ယေရှုက လည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတပါးအခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏။ ၅၈ မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။