Friday, 17 August 2018

17-AUG-2018 (READING -ORD19-YB-C2)

Fri the 17th: Ezek 16:1-63 or 16:59-63; Isa 12:1-6; 1 Thess 2:13; Matt 19:3-12

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၆ (Ezek 16:1-63);

၁ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၂ အချင်းလူသား ယေရုရှလင်မြို့ သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သော အမှုအရာ တို့ကို သိမည်အကြောင်းပြုလော့။
၃ ထာဝရဘုရားသည် ယေရုရှလင် မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ ရှိ၏။ သင်၏အဘသည် အမောရိလူ သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။
၎ သင့်ကို ဘွားခြင်း အကြောင်းအရာဟူမူ ကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊ သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့်မပတ်ရစ်၊
၅ ကရုဏာစိတ် နှင့် ထိုသို့ပြုစုခြင်းငှါ သသင့်ကိုမြင်၍ အဘယ်သူမျှမသနား၊ ဘွားသောနေ့၌ သင်သည်ကိုယ်ကို ရွံရှာရသည် တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။
၆ ငါသည်ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင့်ကိုမြင်သော အခါ အသက်ရှင်လော့ဟု သင်သည်အသွေး၌ရှိစဉ်ငါဆို၏။
၇ မြက်ပင်ကဲ့သို့ ငါကြီးပွားစေသဖြင့်၊ သင်သည်အစဉ်အတိုင်း ကြီး၍လှသော အဆင်းနှင့် ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်း အမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်း နေရ၏။
၈ တဖန် ငါသည် ရှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ ချစ်လိုဘွယ်သော အချိန်အရွယ် ရှိသောကြောင့်၊ငါသည် ကိုယ်အဝတ်စွန်းကို ဖြန့်၍ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းပြု၍ သင်နှင့် ပညာဉ်ဖွဲ့သဖြင့် သင်သည် ငါ၏ ခင်ပွန်း ဖြစ်လေ၏။
၉ ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌ လူးသောအသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏၊၊
၁၀ ချယ်လှယ်သောအဝတ်ကို ဝတ်စေ၏။ တဟာရှာသားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့် ခြုံစေ၏။
၁၁ လက်ကောက်နှင့် လည်ဆွဲအစရှိသော တန်ဆာမျိုးကိုဆင်စေ၏။
၁၂ နားထောင်း၊ နှာဆွဲ၊ လှသောပေါင်းကိုလည်း ဆင်စေ၏။
၁၃ ထိုသို့သင်သည် ရွှေ ငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကို ဆင်လျက်၊ မုန့်ညက်၊ ပျားရည် ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့် ပြည့်စုံ၍၊ မိဖုရား အရာကိုခံရ၏။
၁၄ ငါသည် ကိုယ်အသရေကို သင်၌အပ်ပေးသောကြောင့်၊ သင်သည်လှသောအဆင်းနှင့်စုံလင်၍ အတိုင်းတိုင်း အပြည်ပြည်၌ ကျော် စောလေ၏။
၁၅ သို့ရာတွင် သင်သည်ကိုယ်လှသောအဆင်းကို ကိုးစား၍ ဂုဏ်အသရေ ကျော်စောသောကြောင့်၊ပြည်တန်ဆာလုပ်၍ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြား ပြုသဖြင၊့် ယောက်ျားတိုင်း အခွင့်ရ၏။
၁၆ သင်၏အဝတ်ကိုလည်းယူ၍၊ မြင့်သောအရပ်တို့ကို ထူးခြားသောအဆင်းအရောင်နှင့် ဆင်ပြင်၍ တခါမျှမဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။
၁၇ ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်းယူ၍၊ ယောက်ျားရုပ်တုကို လုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။
၁၈ ချယ်လှယ် သောအဝတ်ကိုလည်းယူ၍၊ ထိုရုပ်တုတို့ကို ခြုံပြီးလျှင်၊ ငါ့ဆီနှင့် ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ၊၊
၁၉ ငါပေးသော ဘောဇဉ်၊ သင့်ကို ငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွေးကြိုင်စရာဘို့ တင်ထား လေပြီတကား၊၊
၂၀ ထိုမှတပါး သင်ဘွားသော ငါ၏ သားသမီးတို့ကိုယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော် လေပြီ၊၊
၂၁ သင်သည် မတရားသော မေထုန်ကို ပြု၍၊ စိတ်မပြေသောကြောင့် ငါ၏ သားသမီးတို့ကို သတ်၍ ရုပ်တုတို့အား မီးဖြင့် ပူဇော်ရမည်လော၊၊
၂၂ သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု၊ မတရားသောမေထုန် အမှုအပေါင်းကို ပြုစဉ်တွင်၊ အရွယ်ငယ်သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ့်အသွေး၌လူးလဲလျက် ရှိနေကြောင်းကို မအောက်မေ့ပါတကား။
၂၃ သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကိုပြုပြီးမှ
၂၄ ကိုယ်နေဘို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိတိုင်း မြင့်သောအရပ်ကိုလုပ်လေ၏။
၂၅ သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်းလုပ်၍၊ ကိုယ်လှသော အဆင်း ကိုရွံ့ရှာဘွယ်ဖြစ်သည်တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကို ခွာဖွင့်၍၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။
၂၆ ဆူဖြိုးသောသင်၏ အိမ်နီးချင်းအဲဂုတ္တုလူတို့နှင့် မှားယွင်း၍ ငါ့အမျက်ကို နှိုးဆော် လျက်  မတရာသော မေထုန်အမှုတို့ကို များပြားစေ၏။
၂၇ ထိုကြောင့် ငါသည်လက်ကို ဆန့်လျက် သင်၏ ရိက္ခာကိုဖြတ် ၍၊ သင့်ကိုမုန်းသောသူ သင့်ဆိုးညစ်သောအမှုများကြောင့်၊ ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့လက်သို့ အပ်ရ၏။
၂၈ သင်သည် ကိလေသာစိတ်မပြေသောကြောင့်၊ အာရှုရိလူတို့နှင့် မှားယွင်းလေ၏။ ထိုသို့မှားယွင်းသော်လည်း စိတ် မပြေနိုင်။
၂၉ ထိုမှတပါး ခါနာန်ပြည်မှ သည်ခါလဒဲပြည်တိုင်အောင် မတရားသောမေထုန်အမှုတို့ကို များပြားစေ သော်လည်း စိတ်မပြေနိုင်။
၃၀ အစိုးတရပြု၍ သိလပျက်သော မိန်းမပြုတတ်သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့် စိတ်နှလုံးသည် အလွန်မိုက်ပါသည်တကား။
၃၁ သင်၏ကုဋီတိုက်ကို ခပ်သိမ်းသောလမ်း၌ တည်၍၊ လမ်းရှိတိုင်း မြင့်သောအရပ်ကိုလုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့်မတူ။
၃၂ ကိုယ်မဆိုင် သော ယောက်ျားကိုကိုယ်လင်၏ ကိုယ်စား လက်ခံ၍ မျောက်မထားသော မိန်းမနှင့်တူ၏။
၃၃ ပြည်တန်ဆာမိန်းမရှိသမျှ တို့သည် လက်ဆောင် ကိုခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ ရည်းစားအပေါင်းတို့အား လက်ဆောင်ကို ပေး တတ်၏။ အရပ်ရပ်တို့က လာ၍ မတရားသောမေထုန်ကို ပြုစေခြင်းငှါ သူတပါးတို့ကို ငှားတတ်၏။
၃၄ သို့ဖြစ်၍ သင်သည်အခြားသော ပြည်တန်ဆာတို့နှင့် ခြားနားစွာ ပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူမျှ မတရားသော မေထုန်ကို မပြုတတ်။ သင်သည်အခကိုမခံ၊ သူတပါးတို့အား ပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။
၃၅ သို့၊အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား၊ အမိန့်တော်ကို နားထောင်လော့။
၃၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်င်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်င်း သင်သည်ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်း စည်းရှိခြင်း ကို ထင်ရှားစွာဘော်ပြသောကြောင့်၊
၃၇ သင့်ကိုချစ်သော ရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသော သူအပေါင်း ကို ငါစုဝေးစေမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍ သင့်၌အဝတ်အချည်းစည်း ရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌အဝတ် အချည်စည်းရှိသမျှကို မြင်ရကြလိမ့်မည်။
၃၈ မျောက်မထားသောမိန်းမနှင့် လူအသက်ကို သတ်သောမိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။
၃၉ သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ ကုဋီတိုက်ကို ဖျက်၍၊ သင်၏ မြင့်သော အရပ်တို့ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကို ချွတ်၍လှသော တန်ဆာတို့ကို လုယူပြီးလျှင် သင့်ကိုအဝတ်မပေး အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည်။
၄၀ လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့သည် ခဲနှင့်ပစ်၍ ထားနှင့်ခုတ်ကြလိမ့်မည်။
၄၁ သင့်အိမ်တို့ကိုလည်း မီးရှို့၍ များစွာသော မိန်းမတို့ရှေ့မှာ သင့်ကို အပြစ်ပေး ကြသဖြင့်၊သင်သည် နောက်တဖန် ပြည်တန်ဆာမလုပ်ဘဲနေစေခြင်းငှါ ငါပြုမည်။ နောက်တဖန် သင်သည် သူတပါးတို့ကို မငှါးရ။
၄၂ ထိုသို့ ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သောစိတ်ငြိမ်း၍ ငါသည် အမျက်မထွက်ဘဲ ငြိမ်သက်စွာနေမည်။
၄၃ သင်သည်အသက်ငယ်သောကာလကို မအောက်မေ့ အရာရာ၌ ငါစိတ်ကို နှောင့်ရှက်သောကြောင့်၊ သင့်အပြစ်ကိုသင့်ခေါင်းပေါ်သို့ငါသက်ရောက်စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သောအမှုရှိသမျှ တို့အပေါ်မှာ  ဆိုးညစ်သောအကြံကို ထပ်၍ ထိုအကြံအတိုင်းမပြုရ။
၄၄ စကားပုံကို သုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကို ရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။
၄၅ သင်သည်လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏သမီးဖြစ်၏။ လင်နှင့် သားသမီးကိုရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး သင့်အဘသည် အာမေရိလူဖြစ်၏။
၄၆ သင့်အစ်မသည် မိမိသားသမီးတို့နှင့်တကွ သင့်လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက်အသက်ငယ်သောသင်၏ ညီမသည် မိမိသမီးတို့နှင့် တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ဖြစ်၏။
၄၇ သို့ရာတွင် သင်သည် သူတို့ထုံးစံကိုမလိုက်၊ သူတို့ပြုသော ရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ်၊ ထိုအမှုကို သာမည အမှုဟူ၍ ထင်မှတ်သဖြင့်၊ သင်သည် အရာရာ၌ သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။
၄၈ ငါအသက်ရှင် သည်အတိုင်း သင်သည် ကိုယ့်သားသမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့် သူ၏ သမီးတို့သည် မပြုကြ။
၄၉ သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား သူနှင့် သူသမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာ ကောင်းစား ခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။
၅၀ မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာဘွယ်  သော အမှုတို့ကို ပြုကြ၏။ ထိုကြောင၊့် သင်မြင်သည် အတိုင်း သူတို့ကို ငါပယ်ရှားပြီ။
၅၁ ရှမာရိသည်လည်း၊ သင်ပြုမိ သော ဒုစရိုက်တဝက်ကိုမျှ မပြုမိ။ သင်မူကား၊ညီအစ်မတို့၏ အပြစ်ကို မထင်ရှားစေ သည်တိုင်အောင်၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။
၅၂ သင်သည် ညီအစ်မတို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ပြုသည်ထက် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို သာ၍ ပြုသောကြောင့်၊ အရှက်ကွဲခြင်းကို ခံလော့၊၊ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏ အပြစ်ကို မထင်ရှားစေသည်တိုင် အောင် ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံလော့။
၅၃ သိမ်းသွင်းခြင်းကို ခံရသောလောဒုံနှင့်သူ၏ သားသမီးများ၊ ရှမာရိနှင့် သူ၏ သားသမီးများကို တဖန်ငါ ဆောင်ခဲ့သောအခါ၊ သိမ်းသွင်းခြင်းကို ခံရသော သင်၏ လူတို့ကို သူတို့နှင့် အတူ ငါဆောင်ခဲ့မည်၊၊
၅၄ သို့ဖြစ်၍၊ သင်သည် သူတို့နှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။
၅၅ သင်၏ ညီအစ်မသောဒုံနှင့် သူ၏ သားမီးများ၊ ရှမာရိနှင့်သူ၏ သမီးများ တို့သည် အရင်နေရာသို့ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏ သားသမီးတို့နှင့်တကွ အရင်နေရာသို့ ပြန်ရောက်ရလိမ့်မည်။
၅၆-၅၇ ရှုရိသမီးများနှင့် သူတို့ပတ် လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌နေသော ဖိလိတ္တိသားသမီးတို့သည် မထီမဲ့မြင် ပြုကြသဖြင့်၊ သင်ပြု သော ဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည်မာနထောင်လွှားစဉ်ကာလတွင် သင့်ညီမ သောဒုံ ၏နာမကိုအလျှင်းမပြတ် နှုတ်မမြွက်။
၅၈ ယခုမူကား သင်သည်ကိုယ်ဆိုးညစ်သောအမှုနှင့် စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့၏ အပြစ်ကို ခံရမည် ဟု ထာဝရဘုရား မိန့်တော်မူ၏။ 
၅၉ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ဝန်ခံခြင်း ပဋိညာဉ်ကို ဖျက်လိုသောငှါ သစ္စာကတိ ကို မရိုမသေပြုသည်နှင့်အညီ သင်၌ ငါပြုမည်။
၆၀ သို့သော်လည်း၊ ငါသည် သင့်အသက်ငယ်စဉ် ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍ တဖန် ထာဝရပဋိညာဉ်ကို သင်နှင့် ဖွဲ့ရဦးမည်။
၆၁ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရသော်လည်း ပဋိညာဉ်အားဖြင့် သင်၏ ညီအစ်မတို့ကို  သင်၏ သားသမီးများဖြစ်ဘို့ရာ ငါပေး၍၊ သင်သည် ထိုသူတို့ကို လက်ခံ သောအခါ သင်ပြုမိသောအမှုများကို အောက်မေ့၍ ရှက်ကြောက်ရလိမ့်မည်။
၆၂ ထိုအခါ ငါ၏ ပဋိညာဉ်ကို သင်နှင့်ငါ ဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်၊၊
၆၃ သင်ပြုဘူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့၍ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကို မဖွင့်ဘဲ နေရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

                                                              Or

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၁၆ (Ezek 16:59-63);

၅၉ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ဝန်ခံခြင်း ပဋိညာဉ်ကို ဖျက်လိုသောငှါ သစ္စာကတိ ကို မရိုမသေပြုသည်နှင့်အညီ သင်၌ ငါပြုမည်။
၆၀ သို့သော်လည်း၊ ငါသည် သင့်အသက်ငယ်စဉ် ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍ တဖန် ထာဝရပဋိညာဉ်ကို သင်နှင့် ဖွဲ့ရဦးမည်။
၆၁ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရသော်လည်း ပဋိညာဉ်အားဖြင့် သင်၏ ညီအစ်မတို့ကို  သင်၏ သားသမီးများဖြစ်ဘို့ရာ ငါပေး၍၊ သင်သည် ထိုသူတို့ကို လက်ခံ သောအခါ သင်ပြုမိသောအမှုများကို အောက်မေ့၍ ရှက်ကြောက်ရလိမ့်မည်။
၆၂ ထိုအခါ ငါ၏ ပဋိညာဉ်ကို သင်နှင့်ငါ ဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်၊၊
၆၃ သင်ပြုဘူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့၍ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကို မဖွင့်ဘဲ နေရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၂ (Isa 12:1-6);

၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါမည်၊အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏၊၊
၂ ဘုရား သခင်သည် ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်၊၊ ထာဝရဘုရား သည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏၊၊
၃ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ကယ်တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်၊၊
၎ ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်း ကြလော့၊၊ နာမတော်ကိုပဌနာပြုကြလော့၊၊ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြကြလော့၊၊ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့၊၊
၅ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ ထူးဆန်းသောအမှုကို ပြုတော်မူပြီ၊၊ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ၊၊ အိုဇိအုန်သတို့သမီး၊ ကြွေးကြော်လော့၊၊ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့၊၊ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် သင်၏အလယ်၌ ဘုန်းကြီးတော် မူ၏ဟုမြွက်ဆိုရလိမ့်မည်၊၊

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:13);

၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:3-12);

၃ ဖာရိရှဲ တို့သည်အထံတော်သို့လာ၍ လူသည်ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလောဟု စုံးစမ်းနှောင့်ရှက်ခြင်းငှါမေး လျှောက်ကြသော်၊
၎ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်း ကိုဖန်ဆင်းတော်မူ၏။
၅ ထိုအကြောင်း ကြောင့်ယောက်ျား သည်ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကိုသင်တို့မဘတ်ဘူးသလော။
၆ ထိုကြောင့်လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသော အရာကိုလူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
၇ ဖာရိရှဲ တို့ကလည်း၊ ထိုသို့မှန်လျှင်ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါမောရှေသည် အဘယ်ကြောင့်စီရင် သနည်းဟု လျှောက်ကြသော်၊
၈ ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသော အခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။
၉ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှ တပါးအခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဘက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည် ဟုမိန့်တော်မူ၏။
၁၀ တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင် စုံဘက်ခြင်းကို မပြုကောင်းပါဟု လျှောက်ကြ၏။ ၁၁ ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
၁၂ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှါ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူ နိုင်သောသူသည် ခံယူစေဟု မိန့်တော်မူ၏။