Tuesday, 20 October 2015

20-OCTOBER-2015 (READING)

Tue the 20th:    Rom 5:12-21; Ps 40:7-17; Luke 21:36; Luke 12:35-38

ရောမသြဝါဒစာ အခန်းကြီး ၅ (Rom 5:12-21);

၁၂ ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။
၁၃ ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှမရှိလျှင်၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ၊
၁၄ သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်း တရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သော သူ၏ပုံပမာဖြစ်သတည်း။
၁၅ သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ။ အကြောင်းမူကား၊ တယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ရောက်ကြ၏။ တယောက်သော သူတည်းဟူသော ယေရှုခရစ် အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။
၁၆ ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား။ တရားစီရင်သော အရာမှာ၊ အပြစ်တခုကြောင့် ဒဏ်ခံစေဟုစီရင်၏။ ကျေးဇူး တော်အရာမှာ၊ အပြစ်များလျက်ပင် လွှတ်စေဟု စီရင်၏။
၁၇ ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသော ကြောင့် ထိုတယောက်သောသူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုင်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတံ့။
၁၈ ထိုကြောင့်၊ တယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သော သူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်း အခွင့်ကို ရကြ၏။
၁၉ အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများ တို့သည် အပြစ်ရောက်သည်နည်းတူ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့် မတ်ရာသို့ ရောက်ရကြ၏။
၂၀ ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော်သာ၍ကြွယ်ဝ၏။
၂၁ ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ်ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရအသက်နှင့် ယှဉ်သောဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။

ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:7-17);

၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ  အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။
၁၁ အို ထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်၊၊ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော၊၊
၁၂ အကြောင်းမူကား အတိုင်းမသိ များစွာသော ဘေးဥပဒ် တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ၊၊ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကို မှီကြပါပြီ၊၊ အကျွန်ုပ်ဆံပင်ထက်များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ၊၊
၁၃ အိုထာဝရဘုရား အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန်ပြုတော်မူပါ၊၊
၁၄ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော၊၊
၁၅ အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေ ဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော၊၊
၁၆ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ထာဝရဘုရား ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော၊၊
၁၇ အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို အောက်မေ့ တော်မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဘုရားသခင် ဆိုင်းလင့်တော် မမူပါနှင့်၊၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:36);

၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:35-38);

၃၅ သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီးမီးထွန်းလျက်နေသဖြင့်၊
၃၆ သခင်သည် မင်္ဂလာဆောင် ပွဲမှပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါသခင်လာမည်ကိုမြော်လင့်၍ နေသောကျွန်ကဲ့သို့ ရှိနေကြလော့။
၃၇ အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏၊ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည်ခါးပန်းစည်းလျက်ကျွန်တို့ကိုစားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။
၃၈ နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏။