Fri the 9th:Optional memorial of Denis, bishop and martyr, and companions, martyrs.
Optional memorial of John Leonardi, priest.
Joel 1:13-15; 2:1-2; Ps 9:1-16; John 12:31-32; Luke 11:15-26
ယောလအနာဂတ္တိကျမ်း အခန်းကြီး ၁ (Joel 1:13-15; 2:1-2);
၁၃ အိုယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်းတမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက်၊ တညဥ့်လုံး အိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲနေကြပြီတကား။
၁၄ အစာရှောင်သော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားများ အပေါင်းတို့ကို သင်တို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။
၁၅ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
၁၆ ငါတို့စား စရာသည် ငါတို့မျက်မှောက်၌ ပြတ်သည် မဟုတ်လော။ ငါတို့ဘုရားသခင်၏ အိမ်တော်၌ ဝမ်မြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည်မဟုတ်လော။
၁၇ မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။
၁၈ တိရစ္ဆာန်တို့သည် အလွန်မြည်းတမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။
၁၉ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။ တော၌ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။
၂၀ တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။
၁ ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသောအသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ်ကြစေ။ အကြောင်းမူကား၊ ထာဝရားဘုရား၏ နေ့ရက်သည် လာ၍နီးပြီ။
၂ မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ်သောနေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသောအမျိုးသည်လာ၏။ ရှေးကာလ၌ ထိုသို့မဖြစ်စဖူး။ နောင်ကာလအစဉ် အဆက်၌လည်း မဖြစ်ရလတံ့။
ဆာလံကျမ်း အခန်းကြီး ၉ (Ps 9:1-16);
၁ အို ထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အံ့ဘွယ်သောအမှု တော်ရှိသမျှတို့ကို ပြညွှန်ပါမည်၊၊
၂ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်၊၊ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊ အမြင့်ဆုံးသောဘုရား။
၃ အကြောင်းမူကား အကျွန်ုပ်၏ ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏၊၊ ရှေ့တော်၌ ပျက်စီးကြပါ၏။
၎ ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ၊၊ ပလ္လင်တော်ပေါ်မှာ ထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ၊၊
၅ တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ၊၊ ဆိုးသောသူတို့ကို ဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက်ချေဖျောက်တော်မူပြီ၊၊
၆ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ၊၊ မြို့တို့ကို ဖြိုဖျက်တော်မူ၍ သူတို့အမှတ်မျှ မရှိပျောက်ပါပြီ၊၊
၇ ထာဝရဘုရားမူကား ကာလအစဉ် အဆက်တည်တော်မူ၏၊၊
၈ တရားပလ္လင်တော်ကို ပြင်ဆင်၍ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏၊၊ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏၊၊
၉ ထာဝရဘုရားသည် ညှင်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ ဘေးအန္တရယ် ရောက်သည် ကာလ ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၁၀ နာမတော်ကို သိသောသူတို့ သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့် မည်၊၊ အကြောင်းမူကား အိုထာဝရဘုရားကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော် မမူတတ်ပါ၊၊
၁၁ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အမူတော်များကို လူမျိုးတို့အား ဟောပြောကြလော့၊၊
၁၂ လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍ အသေခံရသော သူတို့ကို အောက်မေ့တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့၏ အော်ဟစ်ခြင်းအသံကို မေ့လျော့တော် မမူတတ်ပါ၊၊
၁၃ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ၊၊ အကျွန်ုပ်ကိုမုန်းသောသူတို့၏ ည‡င်းဆဲခြင်း အမှုကို ကြည့်ရှု၍ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၄ သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့ တံခါးဝမှာ အကျွန်ုပ် ပြညွှန်ပါမည်၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်၊၊
၁၅ တပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏၊၊ ကိုယ်ဝှက်သော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏၊၊
၁၆ ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှားတော်မူ၏၊ မတရားသောသူသည် မိမိလုပ်သောအလုပ်ထဲမှာ ကျော့မိခြင်းကို ခံရ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:31-32);
၃၁ ယခုတွင်ဤ လောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်း ကို ခံရလိမ့်မည်။
၃၂ ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:15-26);
၁၅ အချို့တို့က၊ ဤသူသည်နတ်ဆိုးမင်း ဗေလဇေဗုလကိုအမှီ ပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
၁၆ အချို့တို့သည်လည်း စုံးစမ်းနှောင့်ရှက်ခြင်းငှါ မိုဃ်းကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။
၁၇ ထိုသူတို့၏ စိတ်ကိုသိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင်ပျက်စီးခြင်း သို့ရောက်လိမ့်မည်။ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။
၁၈ ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။
၁၉ ငါသည် ဗေလဇေဗုလကို အမှီပြု၍နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကို အမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့်သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြလိမ့်မည်။
၂၀ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ်သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ။
၂၁ သူရဲသည် လက်နက်စုံနှင့်မိမိအိမ်ဦး၌ စောင့်နေစဉ် အခါသူ၏ ဥစ္စာသည် လုံခြုံစွာရှိ၏။
၂၂ သူ့ထက်တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသောလက်နက် စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကိုခွဲဝေလိမ့်မည်။
၂၃ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်း သောသူသည် ကြဲဖြန့်သောသူဖြစ်၏။
၂၄ ညစ်ညှုးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သောနေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊
၂၅ ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော်၊
၂၆ မိမိထက်သာ၍ ညစ်ညူးသာနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟုမိန့်တော်မူ၏။