Wed the 7th: Memorial of Our Lady of the Rosary.
Jonah 4:1-11; Ps 86:3-10; Rom 8:15; Luke 11:1-4
ယောနဝတ္ထု အခန်းကြီး ၄(Jonah 4:1-11);
၁ ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အိုထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ် ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။
၂ ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သော သဘော၊ အပြစ်ဒဏ်ပေးမည်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
၃ သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက် ရှင်ခြင်းထက် သေခြင်းသည်သာ၍ ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။
၎ ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ၏။
၅ ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
၆ အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏ စိတ်ကို ပြေစေခြင်းငှါ သူ့ခေါင်းပေါ်မှာလွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရ ဝမ်းမြောက်၏။
၇ နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင်ခန့်ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။
၈ နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူသော အရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည်မော၍ သေချင်သောစိတ်ရှိလျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်း ထက်သာ၍ကောင်းသည် ဟုမြည်တမ်းလေ၏။
၉ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် အမျက် ထွက်ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက် ကောင်းပါသည်ဟု လျှောက်ဆို၏။
၁၀ ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဥ့်ချင်းတွင် ပေါက်၍ တညဥ့်ချင်းတွင်သေသော ကြက်ဆူပင်ကို နှမြောသည်တကား။
၁၁ ငါသည် များစွာ သောတိရစ္ဆာန်တို့ကို မဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ တသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
ဆာလံကျမ်း အခန်းကြီး ၈၆ (Ps 86:3-10);
၃ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။
၎ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည် ဖြစ်၍၊ ကိုယ်တော်၏ ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။
၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌာနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။
၆ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည့်ကာလ ကိုယ်တော်ကို ခေါ်ပါမည်။
၇ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။
၈ အိုထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ။ အမှုတော်နှင့် တူသော အမှုလည်းမရှိပါ။
၉ အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသော လူမျိုး အပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ ပြပ်ဝပ်၍၊ နာမတော်ကို မြှောက်ကြပါလိမ့်မည်။
၁၀ ကိုယ်တော်သည် ကြီးမြတ်၍ အံ့သြဘွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:15);
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁(Luke 11:1-4);
၁ တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူ၍ပြီးလျှင်၊ တပည့်တော် တယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေး သကဲ့သို့ ကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊
၂ ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွတ်ဆိုရမည်မှာ၊ ကောင်းကင် ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။
၃ အလိုတော်သည် ကောင်းကင် ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက်မွေးလောက်သော အစာကိုအကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်းပေးသနားတော်မူပါ။
၎ အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ် တို့သည် အကျွန်ုပ်တို့သည် လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။