Thursday, 3 August 2017

03-AUG-2017 (READING -ORD17-YA-C1)

Thu the 3rd: Exod 40:16-38; Ps 84:3-11; Acts 16:14; Matt 13:47-53

ထွက်မြောက်ရာကျမ်း အခန်းကြီး ၄၀ (Exod 40:16-38);

၁၆ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
၁၇ သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌနေ့၌ မောရှေသည် တဲတော်ကိုဆောက်လေ၏။
၁၈ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ ခြေစွပ်များကို နေရာချ၍၊ ပျဉ်ပြားများကို ထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကို လျှို၍၊ တိုင်တို့ကို ထူလေ၏။
၁၉ တဲတော်အပေါ်မှာ တဲကိုဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ်မိုးပြန်လေ၏။
၂၀ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းဘိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကို တင်ပြီးမှ၊
၂၁ သေတ္တာကို တဲတော်၌သွင်း၍ ကွယ်ကာရာအတွင်း ကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက်သေတ္တာကို ကွယ်ကာလေ၏။
၂၂ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား၍၊
၂၃ စားပွဲပေါ်မှာ ထာဝရဘုရား ရှေ့တော်၌ မုန့်ကိုပြင်ဆင်လေ၏။
၂၄ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင်ထား၍၊
၂၅ ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။
၂၆ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင် ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ကုလားကာပြင်မှာ ထား၍၊
၂၇ ထိုပလ္လင်ပေါ်၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ၏။
၂၈ တဲတော်တံခါးဝ၌လည်း၊ ကုလားကာကို ဆွဲကာလေ၏။
၂၉ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့မှာ တား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။
၃၀ အင်တုံကိုလည်း ပရိသတ် စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ထား၍၊ ဆေးစရာရေကို အင်တုံ၌ထည့်လေ၏။
၃၁ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊ ၃၂ ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။
၃၃ တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့မောရှေသည် အလုပ်ကိုပြီးစီး စေသတည်း။
၃၄ ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။ ၃၅ ထိုသို့မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေ သည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။
၃၆ ဣသရေလ အမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။ ၃၇ မိုဃ်းတိမ် မကွာမမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲနေကြ၏။
၃၈ ခရီးသွားလေရာရာတွင် ဣသရေလ အမျိုးသားအပေါင်းတို့ ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညဥ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ (မောရှေစီရင်ရေးထားသော ထွက်မြောက်ရာကျမ်းပြီး၏။)

ဆာလံကျမ်း အခန်းကြီး ၈၄ (Ps 84:3-11);

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ်ယစ် ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။
အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။
သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။
သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင်ထံတော်၌ မျက်နှာပြကြပါ၏။
ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွနုပ်၏ ပဌာနာစကားကို မှတ်တော် မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။
အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသော်သူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။
၁၀ တန်တိုင်းတော်တို့အတွင်း၌ နေသော တရက်သည် အခြားအရပ်၌နေသော အရက်တထောင်ထက်သာ၍ ကောင်းပါ၏။ မတရားသောသူ၏ နေရာ၌နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။
၁၁ ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။

တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:14);

၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။  

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:47-53);

၄၇ တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကိုအုပ်မိသော ပိုက်ကွန် နှင့်တူ၏။
၄၈ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည်ကုန်းပေါ် သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကိုခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကိုပြင်သို့ပစ်လိုက်ကြ၏။
၄၉ ထိုနည်းတူ ကမ္ဘာအဆုံး၌ကောင်းကင်တမန် တို့သည်ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊ ၅၀ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာမီးဖို၌ ချကြလတံ့။
၅၁ ဤအရာအလုံးစုံတို့ကို သင်တို့သည်နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။
၅၂ ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာမည်သည်ကား၊ မိမိဘဏ္ဍာထဲကအထူးထူး အပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဘော်သောအိမ်ရှင်နှင့် တူသည်ဟုမိန့်တော်မူ၏။

၅၃ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော် မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။