Fri the 18th: Josh 24:1-13; Ps 136:1-24; 1 Thess 2:13; Matt 19:3-12
ယောရှုမှတ်စာ အခန်းကြီး ၂၄ (Josh 24:1-13);
၁ တဖန်ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေး၍ ၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင် ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
၂ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရ မှစ၍ သင်တို့ ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတဘက်မှာ နေ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကြ၏။
၃ သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွှယ်ကို များပြားစေ လျက်၊ ဣဇာက်ကို ပေး၏။
၎ ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရ တောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့သွားကြ၏။
၅ မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။
၆ သူတို့သည် ဧဒုံပင်လယ်သို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့်မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။
၇ ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသော အမှုကိုသင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။
၈ နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက်၌ နေသော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူ ကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။
၉ မောဘရှင်ဘုရင် ဇိဖေါ်၏ သားဗာလက်သည်ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏ သားဗာလမ်ကို ခေါ်သောအခါ၊
၁၀ ဗာလမ်၏ စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။
၁၁ တဖန်သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက် ၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။
၁၂ သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
၁၃ သင်တို့ မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ တို့ကိုစားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
ဆာလံကျမ်း အခန်းကြီး ၁၃၆ (Ps 136:1-24);
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
၂ ဘုရားတို့၏အရှင် ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
၃ အရှင်တို့၏သခင၊် ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
၎ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အံ့ဘွယ်သော အမှုတို့ကို တပါတည်းသာ ပြုတော်မှုထသော၊
၅ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင် ကို ဖန်ဆင်းတော်မူထသော၊
၆ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကိုဖြန့်တော်မူထသော၊
၇ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
၈ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ နေ့ကို အုပ်စိုးရသောနေကို၎င်း၊
၉ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ညဥ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်းတော်မူထသော၊
၁၀ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
၁၁ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အားကြီး သောလက်၊ ဆန့်သောလက်ရုံးတို့ကို လက်နက်ပြုတော် မူထသော
၁၂ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင် တော်မူထသော၊
၁၃ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်း ခွဲတော်မူထသော၊
၁၄ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
၁၅ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော် မူထသော၊
၁၆ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
၁၇ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ကြီးသော ဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
၁၈-၂၀ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဗာရှန်ပြည်ကို အစိုးရသော သြဃမင်းကို၎င်း၊ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်းလုပ်ကြံတော်မူထ သော၊
၂၁ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
၂၂ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊မိမိကျွန် ဣသရေလအမျိုးအား အမွေကို ပေးချတော်မူထသော၊
၂၃ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကို အောက်မေ့တော်မူထသော၊
၂၄ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ငါတို့ကို ရန်သူတို့အထဲက ရွေးနှုတ်တော် မူထသော၊
၂၅ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
၂၆ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:13);
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ (Matt 19:3-12);
၃ ဖာရိရှဲ တို့သည်အထံတော်သို့လာ၍ လူသည်ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့်ကွာအပ်သလောဟု စုံးစမ်းနှောင့်ရှက်ခြင်းငှါမေး လျှောက်ကြသော်၊
၎ ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်း ကိုဖန်ဆင်းတော်မူ၏။
၅ ထိုအကြောင်း ကြောင့်ယောက်ျား သည်ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကိုသင်တို့မဘတ်ဘူးသလော။
၆ ထိုကြောင့်လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသော အရာကိုလူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
၇ ဖာရိရှဲ တို့ကလည်း၊ ထိုသို့မှန်လျှင်ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါမောရှေသည် အဘယ်ကြောင့်စီရင် သနည်းဟု လျှောက်ကြသော်၊
၈ ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသော အခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။
၉ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှ တပါးအခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဘက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည် ဟုမိန့်တော်မူ၏။
၁၀ တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင် စုံဘက်ခြင်းကို မပြုကောင်းပါဟု လျှောက်ကြ၏။
၁၁ ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
၁၂ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှါ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူ နိုင်သောသူသည် ခံယူစေဟု မိန့်တော်မူ၏။