Thu the 10th: Feast of Lawrence, deacon and martyr.
Num 20:1-13; Ps 95:1-9; Matt 16:18; Matt 16:13-23
တောလည်ရာကျမ်း အခန်းကြီး ၂၀ (Num 20:1-13);
၁ သက္ကရာဇ်လေးဆယ်၊ ပဌမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။
၂ ပရိသတ်တို့ သောက်စရာ ရေမရှိသောကြောင့် မောရှေနှင့် အာရုန်တဘက်၌ စုဝေးကြလျက်၊
၃ ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများ သေသောအခါ၊ ငါတို့လည်း မသေပါလေ။
၎ ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ၊ ထာဝရဘုရား၏ ပရိသတ်ကို ဤတောသို့ အဘယ် ကြောင့် ဆောင်ခဲ့သနည်း။
၅ ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့ သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင်စိုက်စရာ မကောင်း။ သောက်စရာ ရေမျှမရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။
၆ မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွားသဖြင့်၊ ပြပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်းတော်သည် ထင်ရှားလေ၏။
၇ ထာဝရဘုရားကလည်း၊
၈ လှံတံကိုကိုင်ယူ၍ သင်၏အစ်ကို အာရုန်ပါလျက်၊ ပရိသတ်များကို စုဝေး စေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကို ပေးလိမ့်မည်။ ထိုသို့ သင်သည် ကျောက်ထဲက ရေကိုထွက်စေ၍ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဘို့ရေကို ပေးရမည်ဟု၊
၉ မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံကို ထာဝရဘုရား ရှေ့တော်ကယူ၍၊
၁၀ အာရုန်ပါလျက်၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုံတို့၊ နားထောင်ကြလော့။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲကရေကို ထွက်စေရမည်လောဟု ဆိုလျက်၊
၁၁ မိမိလက်ကိုဆန့်၍ ကျောက်ကို လှံတံနှင့်နှစ်ကြိမ် ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
၁၂ ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလ အမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သော အခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ၏။
၁၃ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:1-9);
၁ လာကြ။ ထာဝရဘုရားအား ရွှင်လန်းသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။
၂ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။
၃ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ် သောဘုရင်ဖြစ်တော်မူ၏။
၎ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။
၅ ပင်လယ်ကို လည်းဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
၆ လာကြ။ ပြပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
၇ ထာဝရဘုရားသည် ငါတို့၏ ဘုရား ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော် အောက်၌ နေသောသိုးစု ဖြစ်ကြ၏။
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
၉ သင်တို့အဘများ သည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက် ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:18);
၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၆ (Matt 16:13-23);
၁၃ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၁၄ လူတချို့က ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ဧလိယ ဖြစ်သူဟူ၍၎င်း၊ အချို့က ယေရမိမှစ၍ ပယောဖက် တပါးပါးဖြစ်သည် ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊
၁၅ သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊
၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
၁၇ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။
၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။
၁၉ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည်နှောင် သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
၂၀ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ၏။
၂၁ ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သော နေ့၌ ထမြောက် လိမ့်မည် ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။
၂၂ ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍၊ သခင်ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌မရောက်ရာဟု ပြစ်တင်သော စကားကို လျှောက်သော်၊
၂၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟု မိန့်တော်မူသည်။