Thu the 24th: Feast of Bartholomew, apostle.
Judg 11:29-39; Ps 40:5-10; Ps 95:8; Matt 22:1-14
တရားသူကြီးမှတ်စာ အခန်းကြီး ၁၁ (Judg 11:29-39);
၂၉ သို့သော်လည်း ယေဖသ မှာလိုက်သော စကားကိုအမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲနေ၏။
၃၀ ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာသက်ရောက်၍၊ သူသည် ဂိလဒ်ပြည်မနာရှေပြည်ကို ရှောက်လျက်၊ ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။
၃၁ ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည်အမ္မုန်အမျိုးသားတို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊
၃၂ အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ၊ ငြိမ်ဝပ်စွာပြန်လာသောအခါ၊ အကျွန်ုပ်ကိုခရီးဦးကြိုပြုအံ့သောငှါ၊ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူမည်သည်ကိုထာဝရဘုရားအား အမှန်ဆက်သ၍၊ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ
၃၃ အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော်မူသဖြင့်၊
၃၄ အာရော်မြို့မှစ၍၊ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ရှေ့မှာ ရှုံးရကြ၏။
၃၅ ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက်၊ ခရီးဦးကြိုပြုအံ့သောငှါ၊ ထွက်လာ၏။ သူသည် တစ်ယောက်တည်းသော သမီးဖြစ်၍သူမှတပါး သားသမီးမရှိ။
၃၆ ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ အိုငါ့သမီး၊ သင်သည် ငါ့ကိုအလွန်နှိမ့်ချပြီတကား၊ ငါ့ကိုနှောင့်ရှက်သူတယောက်ဖြစ်ပါပြီတကား။ ထာဝရဘုရားအားငါလျှောက်ထားပြီ။ နှုတ်ရသောအခွင့်မရှိဟု ဆိုသော်၊
၃၇ သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအားလျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏ စိတ်ပြေစေခြင်း ငှါ၊ အပြစ်ပေးတော်မူပြီ။
၃၈ သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့် တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်းတမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေရပါစေဟု အဘအား အခွင့်တောင်းသည်အတိုင်း၊
၃၉ အဘက၊ သွားလေတော့ဟု ဆိုလျက်၊ နှစ်လကိုခြိမ်းချက်၍၊ လွှတ်လိုက်လျှင်၊ အပေါင်းအဘော်တို့နှင့် သွား၍၊ တောင်းရိုးပေါ်မှာ မိမိအပျိုကညာ ဖြစ်ခြင်းကိုငိုကြွေးမြည်းတမ်းလေ၏။
ဆာလံကျမ်း အခန်းကြီး ၄၀ (Ps 40:5-10);
၅ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံသြဘွယ်အမှုတို့နှင့် ကြံစည် တော်မူသော အကြံအစည်တို့သည် များလှပါ၏၊၊ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ၊၊ အကျွန်ုပ်ထုတ် ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏၊၊
၆ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ၊ မီးရှို့ရာ ယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊
၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။
ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);
၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ (Matt 22:1-14);
၁ တဖန်ယေရှုသည် ဥပမာကိုဆောင်၍ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
၂ ကောင်းကင် နိုင်ငံတော် သည် မိမိသားအဘို့ထိမ်းမြားမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏။
၃ ထိုမင်းကြီးသည်ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါလုလင်တို့ကိုစေလွှတ်သောအခါ ထိုသူတို့သည်မလာဘဲ နေကြ၏။
၎ တဖန်အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသောဆူဖြိုးသောတိရ စ္ဆာန်များကိုသတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာကြပါဟု ဘိတ်ပြီးသော သူတို့အားပြောကြဟုမှာလိုက်ပြန်၏။
၅ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည်ကုန်သွယ်ရာသို့သွားကြ၏။
၆ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ညှင်းဆဲခြင်း၊ အသေသတ်ခြင်းကိုပြုကြ၏။
၇ ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သောထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
၈ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ်သောသူတို့ သည်မထိုက်မတန်သောကြောင့်၊
၉ လမ်းမလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟုမိန့်တော်ရှိ သည်အတိုင်း၊
၁၀ လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသောလူအပေါင်းတို့ကိုစုဝေးစေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
၁၁ မင်းကြီးသည် ပွဲ၌လျောင်းသော သူတို့ကိုကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကို မြင်လျှင်၊
၁၂ အဆွေ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်း ဟုမေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။
၁၃ ထိုအခါမင်းကြီးသည် အခြံအရံတို့အားထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲ သို့ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏၊
၁၄ ထိုသို့ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟုမိန့်တော်မူ၏။