Monday, 18 September 2017

18-SEP-2017 (READING -ORD24-YA-C1)

Mon the 18th: 1 Tim 2:1-8; Ps 28:2-9; John 3:16; Luke 7:1-10

တိမောသေသြဝါဒပဌမစောင် အခန်းကြီး (1 Tim 2:1-8);

- ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရ မည်အကြောင်း၊ ရှင်ဘုရင်မှစ၍မင်းအာဏာရှိသောသူအပေါင်းတို့နှင့်လူအမျိုးမျိုးတို့အဘို့ ဆုတောင်းပဌနာ ပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းကို ရှေ့ဦးစွာပြုစေခြင်းငှါ ငါတိုက်တွန်းသွေးဆောင်၏။
အကြောင်းမူကား၊ ထိုသို့သောအမှုသည်ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရား သခင် နှစ်သက်တော်မူသော အမှုလည်းဖြစ်၏။
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။
ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတဦးတည်းရှိ၏။
ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။
ငါသည်ထိုသက်သေ ခံသောသူ အရာ၌၎င်း၊ တမန်တော် အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကိုတပါးအမျိုးသားတို့အား ဟောပြောသောဆရာအရာ၌၎င်း ခန့်ထားတော်မူသောသူဖြစ်သည်ဟု ငါဆိုသော်၊ မုသာစကားကိုမဆို၊ မှန်သောစကားကိုဆို၏။
သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသော လက်ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။

ဆာလံကျမ်း အခန်းကြီး ၂၈ (Ps 28:2-9);

အကျွန်ုပ် သည် သန့်ရှင်းသော ဗျာဒိတ်ဌာနတော်သို့လက်ကိုချီ၍ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်တောင်း လျှောက်သော အသံကို နားထောင်တော်မူပါ၊၊
အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့် လောကဝတ်စကားကိုပြောတတ်သော သူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရားသော အမှုကို ပြုတတ်သော သူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင် တော်မမူပါနှင့်၊၊
သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ၊၊ သူတို့ပြုမူသည်အတိုင်း ဆပ်ပေး၍၊ အပြစ်နှင့် အလျောက် စီရင်တော်မူပါ၊၊
သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို၎င်း၊ လက်တော်နှင့် ပြုပြင်တော်မူရာကို၎င်း၊ မမှတ်ကြသောကြောင့် တည် ဆောက်တော်မမူ ဖြိုဖျက်တော်မူမည်၊၊
ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း၊၊
ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ၊ ထာဝရဘုရားသည် ငါ၏ ခွန်အားဗလ၊ ငါ၏ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံးသည် ရွှင်လန်းလျက် ရှိ၏၊၊ သီချင်းဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်းမည်။
ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏၊၊ အထံတော်၌ ဘိသိက်ခံသောသူ၏ ကယ်တင်ခြင်း အကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏၊၊
ကိုယ်တော်၏ လူစုကို ကယ်တင်၍ အမွေတော်ကို ကောင်းကြီးမင်္ဂလာပေး တော်မူပါ၊၊ သူတို့ကို အုပ်ထိန်း၍ ထာဝရမြှောက်ခြင်း ရှိစေတော်မူပါ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (John 3:16);

၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး (Luke 7:1-10);

ထိုဒေသနာတော်ကို ယေရှုသည် ပရိသတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင် မြို့သို့ကြွဝင်တော်မူ၏။
ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊
ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုးအကြီးအကဲတို့ကို အထံတော်သို့စေ လွှတ်သဖြင့်၊ ကိုယ်တော်သည် ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။
ထိုသူတို့သည် ယေရှုထံတော်သို့ ရောက်လျှင်၊ ကျေးဇူးတော်ကိုခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။
သူသည် အကျွန်ုပ်တို့အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကိုဆောက်ပါပြီဟူ၍ ကျပ်ကျပ်တောင်းပန်ကြ၏။
ယေရှုသည် သူတို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့်အနီးမဝေး ရောက်တော်မူသောအခါ၊ တပ်မှူးသည် မိမိအဆွေတို့ကိုစေလွှတ်၍၊ သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို အကျွန်ုပ်မခံ ထိုက်ပါ။
ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော် တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ ဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် အံ့သြခြင်းရှိ၍ နောက်တော်၌ လိုက်သောလူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူး သေးဟု မိန့်တော်မူ၏။
၁၀ တပ်မှူးစေလွှတ် သောသူတို့သည် အိမ်သို့ပြန်ရောက်လျှင်၊ အနာရောဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။